တတ်ချင်လျှင် သင်၊ တော်ချင်လျှင် လေ့ကျင၊့် မမှားချင်လျှင် ပြန်စစ်၊ အောင်မြင်ချင်လျှင် ဝီရိယထား။

ဗုဒ္ဓပုံရိပ်လွှာများ

Sunday 21 August 2011

ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ

ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကိုရေးသား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီးမားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်းသိလိုပါတယ်ဘုရား )ဟု ရေးသားပြီး တင်ဘို့ လျောက်ထားလာတဲ့အတွက်ကြောင့်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့် သော်လည်းကောင်း စာရေးသူ မအားသည့်ကြားက ကြိုးစားရှာဖွေပြီး လက်လှမ်းမှီသ၍ တင်ပြရေးသားခြင်းဖြစ်ပါသည်။

မနုသီဟ ဆိုသည်မှာ ရှေးက တကယ်ရှိခဲ့ဖူးသော သတ္တ၀ါတစ်မျိုးမဟုတ်ပေ။ ရှေးခေတ်က လူများ စိတ်ကူးဥာဏ် ဆန်းကြယ်စွာ တီထွင်ပြုလုပ်ခဲ့သော တိရစ္ဆာန် ကိုယ်တစ်ပိုင်း လူတစ်ပိုင်း အရုပ်မျိုးဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ အချို့သော စေတီပုထိုးများတွင် တွေ့ရသည်။မနုသီဟ ဟူသော စကားမှာ ပါဠိစကားဖြစ်၍ လူခြင်္သေ့ ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်း တပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုသီဟ ဟု ခေါ်တွင်လာဟန်တူသည်။ မြန်မာတို့ စိတ်၌မှု မနုသီဟ ဆိုလျင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီးဖြစ်သည်။

မနုသီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက်သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဍာန်ရှိသော အချွန်အတက်များနှင့် ဦးဆောင်းကို ဆောင်းထားပေးသည်။ မြန်မာနိုင်ငံရှိ မနုသီဟ ရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် တူသည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်းကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်းများကဲ့သို့ ဘုရင်တစ်ဦးဦး၏ ပုံတူသို့မဟုတ် ကိုးကွယ်သည့်နတ် ၊ ဗြဟ္မာတစ်ဦးဦး၏ ရုပ်ပုံကို စိတ်ကူးဖြင့်မှန်းဆ၍ ထုလုပ်ထားဖွယ်ရှိသည်ဟု တွေးထင် ယူဆရသည်။
ယင်းမနုသီဟ ရုပ်များသည် မည်သည့် ခုနှစ် သက္ကရာဇ်က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။ သို့သော် သာသနာလင်္ကာရ စာတန်းတွင် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် သာသာနာ ၂၃၅ ခုနှစ်ရောက်သော် ရာမညတိုင်း အစိတ် သုဝဏ်ဏဘုမ်မိသို့ အရှင်သောဏ၊ အရှင်ဥတ္တရ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿက ရဟုန်းပြု ကံမြောက်လောက်အောင် သံဃာငါးပါးနှင့် သာသနာပြု စေလွှတ်တော့မူ၏။ထိုအခါ သုဝဏ်ဏဘုမ်မိတိုင်း သထုံပြည်ဝယ် သီရိဓမ္မာမေသာက မင်းပြု၏။ --- ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်း စားလေ၏။

သာသနာပြုမထေရ်တို့ ရောက်သောနေ့လည်း မင်းအိမ်၌ သားဖွားခိုက်ကြုံ၍ ဘီလူးမစားမည်ဟု အရံငါးရာနှင့်လာသည်ကို လူတို့မြင်၍ ကြောက်လန့်ကြွေးကြော်ကြ၏။ ထိုအခိုက်တွင် မထေရ်လည်း ကြောက်မက်ဘွယ်ရှိအောင် ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံး ကိုယ်နှစ်ခုရှိသော မနုသီဟ သဏ္ဍာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ပြေးသွားကြလေကုန်၏။

တဖန် မထေရတို့လည်း ဘီလူးမတို့မလာစိမ့်သောငှါ ပရိတ်အရံအတားကို ပြုပေး၏။ ထိုကာလ စည်းဝေးလာ သူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟော်တော်မူသော် ခြောက်သောင်းသော လူတို့အကျွတ်အတန်း သောတာပန်းစသော အရိယာဖြစ်လေကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသားငယ်တို့အား သောဏုတ္တရ ဟူ၍ ငယ်မည်မှည့်ကြကုန်၏။
သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ဖန်ဆင်းသော မနုသီဟ ရုပ်ကိုရေး၍ ခေါင်းထက်တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင် ရှိသည်ဟု ဖော်ပြပါရှိလေသည်။

ဖတ်ဖူးတွေ့ဖူးခဲ့သော မနုသီဟစာ ၊ပုံများကို ၁၉၈၁၊ သြဂုတ်လ၊ ရှုမ၀ တွင် ကိုအေးမြင့်ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုသီဟ ရုပ်များ အထူးသဖြင့် ပန်းရံ၊ပန်းတော့ ၊ ပန်းတမော့ ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချို့ကျဆုံး မနုသီဟရုပ်များကိုအမရပူရ တောင်သမန် ကျောက်တော်ကြီး(မဟာသကျရံသီ၊ ၁၈၅၀ ခုနှစ်)တွင် တွေ့မြင်နိုင်သည်။ ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး(၆) နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေ စီမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုသီဟ (၁၂) အပါအ၀င် ပန္နက်ပုံ ကောင်းလှသည်။ သူ၏ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီးဗိသုကာစနစ်ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုသီဟ ဖင်နှစ်ခွဖြစ်နေခြင်းမှာ (ထောင့်) နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်းအယူအဆအရ ဖြစ်ရသည်ဟု သုံးသပ်ထားပါသည်။အထက်ပါ အကြောင်းအရာတို့ကို ထောက်ထားကြည့်ပါက သာသနာပြုမထေရ်တို့ လူသားများအတွက် အန္တရာယ်မကျရောက်စေလိုသောကြောင့် ဘီလူးဘေးကင်းဝေအောင် မနုသီဟ ဖင်နှစ်ခွပုံစံကို ဖန်တီးပေးခဲ့ဖူးသည်။
ထို့ကြောင့် လူသားများသည် ဘုရားပုထိုးစေတီအချို့ရှေ့က မနုသီဟ ဖင်နှစ်ခွကို မြင်ကြသောခါ အန္တရာယ်မှ ကာကွယ်သည့် သဘောဖြင့် ထုလုပ်ပြသထားတာပါလားဟု မှတ်ယူကြစေခြင်းငှာ ဤဆောင်းပါးကို ရှာဖွေစုဆောင်း ရေးသားလိုက်ရပါသတည်း...........

ကျမ်းကိုး................
မြန်မာ့စွယ်စုံကျမ်း အတွဲ (၈)
(၂၀၀၃၊ ဇွန်၊ ရတနာမွန်)

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
သာသနာ့တက္ကသီလဓမ္မာစရိယ B.A BUDDHISM,
မဟာဓမ္မာစရိယကျမ်းပြု ,
M.A - KELANIYA UNIVERSITY SRI-lANKA,
M.A -MAGADH UNIVERSITY INDIA ,
PH.D THESIS - INDIA
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Thursday 18 August 2011

............ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ..........

စာရေးသူယခု တင်ပြသွားမည့်စာသားလေးက (ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ )ဆိုတဲ့ အကြောင်းလေးကို

မှားသောအပိုင်း နှင့် မှန်သောအပိုင်း ဆိုပြီး

နှစ်ပိုင်းခွဲခြားရေးသားသွားမှာဖြစ်ပါတယ်။ ယခုအကြောင်းအရာကို ရေးသားရခြင်းအကြောင်းကား စာရေးသူ ဟင်္သာအကြောင်းကို ရေးသား၍ မျှဝေလိုက်သောအခါ စာပေချစ်ခင်သူများသည် ခြင်္သေ့အကြောင်းကိုလည်း သိချင်ပါသည် ဆက်လက်၍ ရေးသားပေးရန် တောင်းဆိုသူများ ရှိခဲ့သောကြောင့် ခြင်္သေ့အကြောင်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။ အချို့စာပေချစ်ခင်သူများသည် ဘုရားစေတီများရှေ့တွင် ခြင်္သေ့ပုံကို တွေ့မြင်ကြရသည့်အခါ ခြင်္သေ့အကြောင်းကို သိချင်သူများ
အလွန်တရာများလှသည်။ တချို့သိသူများရှိသလို မသိသူများလည်း အလွန်များလှသည်။ တချို့သိသူများကလည်း ဃဃနန သိသူရှိသလို လွဲမှားပြီး သိကြသူများလည်းရှိကြသည်။ သိပြီးသူများလည်း ပြန်လည်၍သိစေခြင်းငှါလည်းကောင်း၊ တိတိကျကျ မသိသေးသည့် သူများလည်း မှန်မှန်ကန်ကန် သိစေခြင်းငှာလည်းကောင်း လက်လှမ်းမှီသမျှ ရှာဖွေစုဆောင်း၍ရေးသားသွားပါမည်။

တချို့ဗုဒ္ဓဘာသာဝင် အများစုသည် သီဟဗာဟု မင်းကို အကြောင်းပြုပြီး ဘုရားစေတီရှေ့များတွင် ခြင်္သေ့ရုပ်ပုံများ ထုလုပ်ထားသည်ဟု ရေးသားသူများရှိသလို သိရှိထားကြသူများလည်း ရှိကြပေသည်။ အထက်ပါ အထောက်ထား မှန်မမှန် ဝေဖန်သုံးသပ်ဘို့ များစွာလိုအပ်လှပေသည်။

သီဟဗာဟုမင်းနှင့်ပတ်သက်ပြီး ဘုရာစေတီများရှေ့တွင် ခြင်္သေ့ရုပ်ပုံများထုလုပ်ထားသည်ဟုရေးသားထားသော
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊

မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်

ဓမ္မရတနာ(Google groups) မှာလည်း ဖြန့်ဝေထားသည်ကို စာရေးသူရှာဖွေဖတ်မှတ်ထားပါသည်။

ရေးသားထားပုံမှာ...........

..............ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု...........

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။

မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း
သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန်
လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။ မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကို မပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည်
ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။

ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။

သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။

အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။

( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )

အထက်ပါအထောက်အထားနှင့်ရေးသားထားသော အကြောင်းအရာများကို ရေးသားရာဝယ် ကျမ်းအမည်မပါပါ။
ထို့ကြောင့်စာရေးသူသည် ကျမ်းအမည်ကို ထပ်၍ ဖြည့်စွက်ထည့်ပေးလိုက်ပါသည်။ ကျမ်းအမည် ...မဟာဝင် စာအုပ်ကြီးဖြစ်ပါသည်။

မဟာဝင်စာအုပ်သည် အမှန်တော့ သီဟိုဠ်ရာဇ၀င် စာအုပ်ဖြစ်ပါသည်။ စာပေကို ချစ်ခင်ကြသူ မိတ်ဆွေအားလုံးတို့ ဘာသာရေးမှာ အသိတိုးစေဘို့ မဟာဝင်စာအုပ်ကို ဖတ်စေချင်ပါသည်။

အထက်ပါဆောင်းပါး၏ ဆိုလိုချက်ကို အကျဉ်းချုပ်ပြရမယ်ဆိုရင်..

သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သားဖြစ်သော သီဟဗာဟုနဲ့ သမီးဖြစ်သော သီဟသီဝလ တို့ကိုမွေးပါသည်။ မွေးဖွားလာသော သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို နောက်ဆုံးသတ်မိသောကြောင့်.သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအခါ နောင်တတရား ရပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်သည်.ဟု ဆိုလိုပါတယ်.

တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဖခင်ကိုသတ်မိလို့ နောင်တ ရ ကိုးကွယ်တာနဲ့ ဘုရားရှေ့မှာ ခြင်္သေ့ပုံကို ထားတာနဲ့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ မသက်ဆိုင်ပဲ ကွာခြားနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စာပေချစ်ခင်သူ ဗုဒ္ဓဘာဝင်တို့လည်း အလေးနက်ထား နှိုင်းယှဉ်ပါက ခြင်္သေ့ရုပ်ကို ဘုရားရှေ့မှာထားမှုနဲ့ မသက်ဆိုင်တာကို သိနိုင်ပါလိမ့်မည်။

စာရေးသူ လေ့လာရှာဖွေပြီး အမှန်ကို တင်ပြရမည်ဆိုလျှင်........

ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကိုလေ့လာလိုက်သောအခါ ..အောက်ပါတိုင်းဖြစ်ပါသည်။
ဦးဇင်းတို့ ဂေါတမဘုရားရှင်သည် ၀ါဆိုလတွင်
ပဋိသန္ဓေယူခြင်း၊
တောထွက်ခြင်း၊
တရားဦး ဓမ္မစကြာဟောကြားခြင်းတို့ဖြစ်ပါသည်။

ပဋိသန္ဓေယူသောအခါ ဆင်သင်္ကေတဖြင့်လည်းကောင်း၊
တောထွက်သောအခါ မြင်းသင်္ကေတဖြင့်လည်းကောင်း၊
တရားဦး ဓမ္မစကြာဟောကြားသောအခါ စကြာ .လှည်းဘီး သင်္ကတဖြင့်လည်းကောင်း အမှတ်သားပြုထားသည်ကိုတွေ့ရပါသည်။

တဖန်...

ကဆုန်လတွင်
ဖွားမြင်ခြင်း၊
ပွင့်( သစ္စာသိ) ခြင်း၊
စံ (ပရိနိဗ္ဗာပြု) ခြင်း နှင့် ဗျာဒိတ်ခံ ယူခြင်းတို့ကို စာပေတွင် လေ့လာတွေ့ရှိရပါသည်။

ဖွားမြင်သောအခါ ကြာသင်္ကေတနှင့် ရာသီခွင်ကို နွားသင်္ကေတတို့ဖြင့်လည်းကောင်း၊
ပွင့် ( သစ္စာသိ) သောအခါ ဗောဓိပင်နှင့် ခြင်္သေ့သင်္ကေတတို့ဖြင့်လည်းကောင်း၊
စံ (ပရိနိဗ္ဗာန်ပြု) သောအခါ နွားသင်္ကေတနှင့်ထူပါသင်္ကေတတို့ဖြင့်လည်းကောင်း၊
ဗျာဒိတ်ခံသောအခါ ကြာသင်္ကေတတို့ဖြင့်လည်းကောင်း စာပေမှာ လေ့လာမှတ်သားရပါသည်။

သင်္ကေတတို့၏ ဆိုလိုချက်များကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသေးသည်။

ကြာ ..... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွား ...... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင် ..... မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်း ...... မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ..... ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် ....... သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ..... ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ .... သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..

ခြင်္သေ့၏ သဘောသဘာဝသည် ရဲ့ရင့်ခြင်း မကြောက်လန့်ခြင်းဖြစ်၏။ ခြသေ့င်္သည် သားကောင်ကို ဖမ်းသောအခါ ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ အားအင်အပြည့်ဖြင့် ဖမ်းလေ့ဖမ်းထရှိသည်။ အားအင်အကုန်ထုတ်သုံးခြင်းဆိုတဲ့ အကြောင်းတရားကြောင့် မည်သည့်သတ္တ၀ါမျှ မလွတ်တော့ဘဲ အသေသတ်ပုတ်နိုင်မည်။ ခြင်္သေ့သည် တစ်စုံတစ်ဦးက သူ့အား မည်သည့်လက်နက်ဖြင့် ပစ်ခတ်ပြီး ရန်မူသော်လည်း လက်နက်ကို အရေးမစိုက် အကြောင်းဖြစ်သော ရန်သူကိုသာ ရဲဝံ့စွာ နောက်မဆုတ်ပဲ ခုခံတိုက်ခိုက်ပြီး အနိုင်ယူလေ့ရှိပါသည်။ ခြင်္သေ့သည် အကြောင်းတရားကိုသာ လိုက်ပြီး အပြတ်ရှင်းသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။

ထိုနည်းတူစွာ မြတ်စွာဘုရားရှင်သည်လည်း သစ္စာလေးပါးကို သိရာဝယ် ပြိုင်ဘက်မရှိ ရဲရင့်လှပေသည်။ အမှန်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားကို သိသည့်အတိုင်း ရဲရဲ ၀ံ့ဝံ့ ချပြသင်ပြပေးသည်။ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ပဋိစ္စသမုပ္ပါဒ် တရားတော်သည်အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ ဖြစ်ပေါ်မလာအောင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးပြီး သူတစ်ပါးကိုလည်း ကျင့်သုံးစေလျက် အကြောင်းတရားကိုသာ ပယ်ခွာသည်။

အကြောင်းတရားများ ဖြစ်ပေါ်မလာပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် နောက်ထပ်ဖြစ်မလာနိုင်တော့ချေ ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေသောကြောင့် အကျိုးတရားတို့ကို မဖြစ်အောင် လုပ်ယူ၍ မရစကောင်းပါ။

လူသားများသည် ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားများ မရှိပါက ဝေဒနာ ဇရာ ၊ မရဏ ဟူသော အကျိုးတရားတို့ ဘယ်သောအခါမှ ဖြစ်စရာအကြောင်းမရှိချေ ။ ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားရှိ၍သာ ဝေဒနာ ၊ ဇရာ၊ မရဏ တို့ ဖြစ်ပေါ်လာကြရသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပေါ်နေသော အကျိုးတရားကို သတ်ဖြတ်၍ မရသောကြောင့် အကျိုးတရားကို မကျင့်ပါ။

ခန္ဓာဟူသော ဒုက္ခသစ္စာ အကြောင်းတရားကိုသာ အဓိကအားဖြင့် သတ်ဖြတ်သောကြောင့် အကြောင်းတရားကိုသာ ကျင့်ပါသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။

အထက်ပါ စကားနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ပါက ခြင်္သေ့သည် အကြောင်းကိုသာ လိုက်၍ အဓိကထား သုတ်သင်ပါသည်။

မြတ်စွာဘုရားရှင်ကလည်း အကြောင်းတရားကို အဓိကထားသတ်ဖြတ်ပယ်ခွင်းလေ့ရှိပါသည်။ ဤသို့အားဖြင့် ခြင်္သေ့နှင့် မြတ်စွာဘုရားရှင်သည်

အကြောင်းတရားတို့ကို အဓိကထားရှင်းလင်းသတ်ဖြတ် သုတ်သင်တာခြင်းတူကြသည်။

လောကလူသားတို့သည် တစ်ဦးနှင့်တစ်ဦးမတရားလိုချင်မှု လောဘ ၊ လိုချင်တာမရကြသည့်အခါ မုန်းတီးမှုဒေါသ စသော

အကြောင်းတရားတို့များစွာဖြစ်ကြသောကြောင့် သံသရာ ဘ၀ပင်လယ်ပြင်မှ အဆုံးမသတ်နိုင်ဘဲ ကျင်လည်နေကြရသည်။
အကယ်၍သာ လောဘစသော အကြောင်းတရားတို့ ဖြစ်ပေါ်မလာပါက ဆင်းရဲခြင်း ဒုက္ခဆိုတာလည်း ဖြစ်လာဘွယ်မရှိခြေ။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည်လည်း သံသရာဝယ် ကျင်လည်နေကြရသော သတ္တ၀ါအားလုံးတို့အား အကြောင်းတရားတို့ကို

ပယ်သတ်ရန် လမ်းပြပေးသည်။ လောဘစသော တရားတို့လွှမ်းမိုးနေကြသော လူသားတို့အား ဤတရားတို့သည် သံသရာ ရှည်ကြောင်းဖြစ်၏။ သံသရာမှထွက်မြောက်ကြောင်း တရားတို့ကို ကျင့်သုံးနိုင်ပါမှ ဘ၀ငြိမ်းချမ်းမှုအစစ်ကို ရနိုင်မည်။

ထို့ကြောင့် လူသားအားလုံးတို့အား ဘ၀ငြိမ်းကြောင်းတရားတို့ကို ထာဝစဉ် အမှတ်ရစေခြင်း ၊ ကျင့်သုံးစေခြင်းငှါ ခြင်္သေ့ရုပ်တုကို ထုလုပ်ပြသထားခြင်းဖြစ်ပါသည်။

လူသားအားလုံးတို့အား ဘုရားစေတီများရှေ့က ခြင်္သေ့ပုံကို မြင်ကြသည့်အခါ အော်.......ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါလားဟု သိကြစေငှာ ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသတည်း..........

စာရေးသူသွားရောက်လေ့လာသောနေရာများ

၁။ မဟာဗုဒ္ဓ၀င် ရှစ်တွဲ
၂။ မဟာဝင်
၃။ လည်တီဆရာတော်၏ ဘုရားရှိခိုး ခုနှစ်မျိုး
၎။ BUDDHiST SYMBOLS
၅။ ဓမ္မစေတီ ဟောထားသော နှလုံးသားဝယ် ဘုရားတည် အပိုင်း (၁)
၆။ ( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊
မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်
ဓမ္မရတနာ(Google groups)
၇။ www.dhammaceti.org

မှတ်ချက်........
၁နှင့်၂ သည် ဗုဒ္ဓဘာသာဝင်များတွက် တကယ်သိမှ တကယ့်ဗုဒ္ဓဘာသာဖြစ်မှာမို့ တကယ်ဖတ်မှတ်ရမယ့်စာအုပ်များပါ။
၃.သည် ဂေါတမမြတ်စွာ ဘုရား ဘယ်နေ့ ဖွားပြီး ဘယ်နေ့မှာ တောထွက်တယ် စသည်သိအောင် နှုတ်တွင် ဗုဒ္ဓဘာဝင်တိုင်း ရထားသင့်သည်။
၎ သည် ဗုဒ္ဓဘာသာ သင်္ကေတများ အကြောင်းကို ရေးသားထားသော အင်္ဂလိပ်စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို အင်တာနက်ပေါ်တွင်လည်း ဖတ်လို့ အဆင်ပြေပါသည်။
ကျန်သော အညွှန်းများကို သိနိုင်လောက်ပါပြီ။။။

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Thursday 4 August 2011

ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၃)

ယခု စာရေးသူ ဆက်လက်တင်ပြသွားမည့် စာသားလေးက .ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၃) ကို ရေးသွားမှာဖြစ်ပါတယ်။
အပိုင်း (၁) တွင် ဟင်္သာအကြောင်းကို ထည့်ပေးလိမ့်မည်ဆိုပါက ယခုတင်ပြသွားမည့် ဆောင်းပါးကလည်း များလွန်းနေသည့်အတွက်ကြောင့် ဟင်္သာအကြောင်းကို အပိုင်း(၁ )တွင် ထည့်မပေးလိုက်တာဖြစ်ပါတယ်၊ စာပေကို ချစ်ခင်သူများ ၊စာဖတ်သူမိတ်ဆွေများ စာကိုအများကြီး တပြိုင်နက် တင်လိုက်ပေးလိုက်ပါက စာဖတ်ချင်သဖွယ်မဖြစ်ဘဲ ပျင်းသွားမှာ စိုးရိမ်သည့်အတွက် နည်းနည်းစီ ပိုင်းလျက် တင်ပြတာဖြစ်ပါတယ်။
ယခုဆောင်းပါးသည် အတုယူစရာ ကျင့်သုံးလိုက်နာစရာ များစွာပါသည့်အတွက် အပိုင်း(၁)နှင့် အပိုင်း (၂) ဆက်စပ်ပြီး အပိုင်း (၃) ကိုပို၍ ဘ၀သင်္ခန်းစာ ယူပြီး ဖတ်ကြရန်လည်း စေတနာထားလျက် စာပေကို မြတ်နိုးကြသော မိတ်ဆွေအပေါင်းတို့အား အကြံပြုလိုက်ပါသည်။

ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၃)

ထိုအခါ ဗာရာဏသီမင်းကြီးက ဟင်္သာမင်းအား ( အဆွေဟင်္သာမင်း သင်၏ လျှင်မြန်ခြင်းအဟုန်ကား လေသမား လေးယောက်ပစ်လွင့်လိုက်သော မြှားလေးစင်းထက် သာလွန်သည်သာ ဖြစ်သောကြာင့် အံ့သြဖွယ်ကောင်းပေစွ)ဟု ချီးကျူးလိုက်သည်။

ထိုအခါ ဟင်္သာမင်းက အရှင်မင်းကြီး သတ္တ၀ါတို့၏ အာယုသင်္ခါရသည် အကျွန်ုပ်၏ မြန်ဆန်မှုအဟုန်ထက် အဆ အရာ ထောင် သိန်းမက မြန်ဆန်လွန်းလှပါသည်ဟုပြော၏ ။
သတ္တ၀ါတို့၏ သေခြင်းတရားအကြောင်းကို ဖွဲ့ဆိုထားသော စာဆိုတစ်ခုက အောက်ပါအတိုင်းစပ်ဆိုထား၏။

(လာပြီးတော့ နား ၊ မသွားသေးခင် ၊ ချိန်လေးတွင်မှ ၊ ၀န်ကျင်ဆက်နွယ်၊ နှောင်ကြိုးတွယ်ကြ ။
ပြုံးရည် ငိုမဲ့၊ ချစ်မုန်းပိုကြ၊ မလိုဒေါသ၊ လိုလောဘနှင့်၊ ဘ၀ရိပ်မြုံ၊ ကကြိုးဆုံခဲ့။
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်မှ၊ သုဿာန်ဆောလျှင်၊ ခရီးနှင်သည် ၊ တို့များ ဧည့်သည်ပါတကား ) ဟူ၍ပင်ဖြစ်၏။

လောကလူသားအားလုံးတိုသည် လူ့လောကထဲ ၀ယ် ခရီးသွားနေကြသော ဧည့်သည်အဖြစ် လာရောက် နားခိုနေကြ၏။ ထိုစဉ် နေ့တစ်နေ့တာအတွက် နေထွက် နေ၀င်ရှိသလိုလူသားတို့သည်လည်း ဘ၀တစ်ခုအတွက် လွှဲရှောင်၍ မရသော လူဘ၀၏ အစမွေးဖွားခြင်းနှင့်အဆုံးသေခြင်းတရားသည် ရှိကြ၏။
လူသားတို့သည် ဘ၀၏ အဆုံးသေခြင်းသို့မရောက်ကြသေးမီ လူအမျိုးမျိုး ၊စရိုက်အမျိုးတို့ဖြင့် ပေါင်းသင်းဆက်ဆံလျက် နေထိုင်ကြရပေသည်။ ထိုအခိုက်တွင် လူသားအားလုံးတို့သည် ချစ်ခင်အကျွမ်းဝင်သူများနှင့်အဆင်ပြေပြေ ပေါင်းသင်နေရသည့်အခါ အပြုံးလေးတွေ ကိုယ်စီဖြင့် ရယ်ကြ မောကြ နှင့် ပျော်ရွှင်မှုတွေကို
ခံစားနေကြပြီး လောဘ၏ သားကောင်များဖြစ်နေကြ၏ ။ ဖြစ်နေပုံကား ဘ၀၏အဆုံးသတ်မှု သေခြင်းတရားသည် မည်သို့ပါမည်နည်းဟု မေးရလောက်အောင် ဖြစ်နေကြ၏ ။ ချစ်ကျွမ်းမ၀င်သော မုန်းသောသူများနှင့် အဆင်ပြေပြေ ပေါင်းသင်းနေထိုင်မှု မပြုကြရသည့်အခါ ပြုံးရာမှမဲ့လျှက် မလိုမုန်းတီးမှု ဒေါသ၏ သားကောင်ဖြစ်နေကြပြီး
ဘ၀ဇာတ်ခုံပေါ်မှာ ခရီးသွားနေကြသည်။ ဤနည်းအားဖြင့် ဘ၀ပင်လယ်ပြင်ဝယ် တစ်ဦးနှင့်တစ်ဦး မကျေနပ်မူတွေ၊ ကလဲ့စားချေမှုတွေ၊ မေတ္တာတရားကင်းမဲ့ပြီး လုယက်မှု သတ်ဖြတ်မှုတွေနှင့်သာ ဒေါသမုန်တိုင်း တိုက်ခတ်နေကြသည်။ သေခြင်းဆိုသည့်သဘောတရားများကိုပင် အောင့်မေ့ သတိရဖို့ အလွန်ဝေးစွ။ လူ့ဘ၀သည် အမှန်တကယ်အားဖြင့် သတိတရားလက်ကိုင်ထားကြည့်ကြပါက ရေပွက်ပမာ ခဏတာပဲ ဟု ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်းသဘော အစိုးမရခြင်းသဘောများကို သိကြပေလိမ့်မည်။

လောကတွင် မိုးရယ် ဆောင်းရယ် နွေရယ် ဟု ရာသီဥတု သုံးမျိုးရှိသလို လူသားတို့သည်လည်း ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟု အရွယ်သုံးမျိုးရှိသည်သာတည်း။
လူသားများသည် ပထမအရွယ်တွင် ကောင်းသည်ဆိုးသည် ခွဲခြားမသိသေးသော ၇ိုးသားဖြူစင် အပြစ်ကင်းစင်သည့် ချစ်စရာကောင်းသော အသွင်သဏ္ဍာန်တို့ဖြင့် လန်းဆန်းနုပျိုနေသည်။
ဒုတိယအရွယ်တွင် ကောင်းသည်ဆိုးသည်ကို ခွဲခြားပြီး သိတတ်သော ရင့်ကျက်သည့်အရွယ်ဖြစ်သည်။
တတိယအရွယ်တွင် ဘ၀နိဂုံးအဆုံးသတ်ရန် အိုမင်းခြင်းနှင်သေခြင်းအချိန်ရောက်နေသည့် အရွယ်ဖြစ်သည်။
ထိုနည်းတူစွာ သစ်ပင်တစ်ပင်မှာလည်း အရွယ်သုံးမျိုးပိုင်းခြားရပေမည်။
သစ်ပင်၏ အရွယ်သုံးမျိုးကို ရာသီဥတုသုံးမျိုးနှင့် နှိုးယှဉ်ရပေမည်။

သစ်ပင်သည် မိုးရာသီတွင် သစ်ရွက်သစ်ပွင့်သစ်ခက်ကလေးများက ငုံရာမှ ဖူး ၊ဖူးရာမှ ပွင့်ပြီး အခက်အလက်ကလေးများ ရှင်သန်ကြီးထွားလျက် စိမ်းလန်းစိုပြေသောကြောင့် ကြည့်စရာ ရှုစရာကောင်းလှပေသည်။
ဆောင်းရာသီသို့ ကူးပြောင်းလာသောအခါ သစ်ပင်၏ အခက်အလက် သစ်ရွက် သစ်ပွင့် သစ်ခက် ကလေးများက စိမ်းလန်းစိုပြေနေသောအခြေအနေမှသည် ရင့်ရော်နေသောအခြေအနေသို့ ကူးပြောင်းသွားကြသည်။
နွေဦးရာသီသို့ ကျရောက်သောခါ သစ်ရွက်သစ်ပွင့်သစ်ခက်ကလေးများက ရင့်ရော်မှုမှသည် ၀ါခြင်း ခြောက်သွေ့ခြင်းသဘောသို့ရောက်လျှက် သစ်ပင်ပေါ်မှ ကျွေကျ မြေမှာ ခကြရပြီး လူသားတွေကို တရားပြနေသယောင်ရှိနေပေသည်။

ထို့အတူ လူ့ဘ၀၏ အရွယ်သုံးပါးကိုလည်း သစ်ပင်၏ သစ်ရွက်သစ်ပွင့် သစ်ခက်ကလေးများနှင့် နှိုင်းယှဉ်ကြည့်ပါက တရားသံဝေဂ ပွားစရာကောင်းလှပေသည်။မိုးရာသီတွင် သစ်ပင်၏ သစ်ရွက် သစ်ပွင့် ကလေးများက စိမ်းလန်းစိုပြေသည့်အချိန်အခါသည် လူဘ၀၏ ပထမအရွယ် ကောင်းသည်ဆိုးသည်ကို မသိသေးဘဲ အပြစ်ကင်းစင်နေသည့် ချစ်စရာကောင်းသော အရွယ်ပင်ဖြစ်သည်။ ဆောင်းရာသီတွင် သစ်ပင်၏ သစ်ရွက် သစ်ပွင့် ကလေးများသည် စိမ်းလန်းစိုပြေနေရာမှ ရင့်ရော်သော သဏ္ဍာန်သို့ ပြောင်းလွဲသွားသလို လူဘ၀၏ ဒုတိယ အရွယ်သည်လည်း ရင့်ရော်သော ဘ၀သို့ရောက်ကြရသည်။
နွေရာသီတွင် သစ်ပင်၏ သစ်ရွက် သစ်ပွင့်ကလေးများက ၀ါခြင်း ခြောက်သွေ့ခြင်းအဖြစ်သို့ပြောင်းလွဲပြီး နောက်ဆုံးကျွေကျ မြေမှာခသွားကြရသကဲ့သို့
လူဘ၀၏ တတိယအရွယ်တွင်လည်း ရင့်ရော်ခြင်းသို့ ရောက်ခြင်းမှသည် အိုခြင်း၊ နာခြင်း၊ နောက်ဆုံး သေခြင်း သဘောသို့ ဆိုက်ရောက်ကြရမည်။

သေခြင်းတရားဆိုးကား မျက်စိတမှိတ် လျပ်တပျက်အတွင်း ရောဂါအမျိုးမျိုးကြောင့် မြန်မြန်ဆန်ဆန် သေနိုင်သည်။ လူသားတို့၏ ရုပ်တရား နာမ်တရား အာယုသင်္ခါရကား သေပြီးသည်နှင့်တပြိုင်နက် သုဿာန်သင်္ဂြိုင်းဝယ် မြေကြီးသာဖြစ်ကြရမည်။ ဟင်္သာမင်းသည် လူဘ၀၏ မမြဲခြင်း သေခြင်း သဘောတရားတို့ကို ကောင်းစွာသိ၏။ ထို့ကြောင့် ဗာရာဏသီမင်းကြီးအား သတ္တ၀ါတို့၏ ရုပ်တရားနာမ်တရားတို့သည် ဖြစ်ချင်းပျက်ချင်းနောက်ဆုံး သေခြင်းသဘောသို့ဆိုက်ရောက်ကြရမည်။ ကြောက်စရာ တရားသံဝေဂ ရစရာကောင်းလှ၏ ဟု တ၇ားစကား ပြောကြားခဲ့ဖူး၏။

စာရေးသူသည် ဤ ဇာတ်တော်ကို ကိုးကားလျှက် စေတီ ဘုရားပုထိုးများရှေ့တွင် ဟင်္သာရုပ်များကို ထုလုပ်လျှက်ပြသထားသည်ဟု ဆိုချင်ပါသည် ။ ယင်းဟင်္သာရုပ်ကိုမြင်ကြသူတိုင်းသည် ဟင်္သာရုပ်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ဟင်္သာမင်းသည် ဗာရာဏသီမင်းအား သေခြင်းတရားမြန်ဆန်ပုံကတရားသံဝေဂရစေခဲ့၏။ ထို့အပြင် လူသားအားလုံးသည်လည်း ဘုရားရှေ့တွင် ထုလုပ်ပြသထားသော ဟင်္သာရုပ်ကို မြင်လိုက်သောအခါ ငါတို့အား လူဘ၀၏ သေခြင်းတရားမြန်ဆန်ပုံကို ဟောပြပေးနေသလိုပါလားဟု အောင့်မေ့နှစ်လုံးသွင်းရပေမည်။ လူသားအားလုံးသည် သေခြင်းတရားနှင့်ရင်ဆိုင်နေပါလား ဟု တရားသံဝေဂရပါစေခြင်းငှါ ဘုရားရှေ့တွင် ဟင်္သာရုပ်ကို ထုလုပ်ပြသထား၏။

ထို့ကြောင့် စာရေးသူသည် ဘုရားရှေ့ကဟင်္သာရုပ်က သေခြင်းတရား၏ မြန်ဆန်ပုံကိုပြသပေးနေသည့်အတွက် ဗုဒ္ဓဘာသာဝင်တိုင်း၏ နှလုံးသားထဲ၌ အော်...........
(.ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါလား )ဟု တရားသံဝေဂ ယူကြပါစေခြင်းအကျိုးငှာ ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသတည်း။။။။။။။။။။

စာပေကိုချစ်ခင်သူ မိတ်ဆွေအပေါင်းတို့.....
လူ့ဘ၀ကား တိုတောင်းလှသည်။ အသက် (၅၀) ရှိသူသည် အသက်( ၂၀) ပြန်ဖြစ်ချင်သော်လည်း ဖြစ်၍ မရ၊
ယနေ့ထက်စာရင် နက်ဖန် သေဘို့ရန် တစ်ရက်နီးလာပြီး။ ဒုက္ခနှင့်ကြုံမှ နောင်တရခြင်းသည် အကျိုးမများ၊
ထို့ကြောင့် ယခု မိမိပိုင်ဆိုင်ထားသော အကောင်းဆုံးအချိန်တွေကို ကောင်းသောအကျင့်တွေနဲ့ အမြဲတမ်းအစားထိုးပြီး ဘ၀သင်္ခန်းစာကိုယ်စီနှင့် လမ်းလျောက်နိုင်ကြပါစေ။

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Wednesday 3 August 2011

ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၂)

ယခု စာရေးသူ ဆက်လက်တင်ပြသွားမည့် စာသားလေးက .ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၂) ကို ရေးသွားမှာဖြစ်ပါတယ်။
အပိုင်း (၁) တွင် ဟင်္သာအကြောင်းကို ထည့်ပေးလိမ့်မည်ဆိုပါက ယခုတင်ပြသွားမည့် ဆောင်းပါးကလည်း များလွန်းနေသည့်အတွက်ကြောင့်
ဟင်္သာအကြောင်းကို အပိုင်း(၁ )တွင် ထည့်မပေးလိုက်တာဖြစ်ပါတယ်၊ စာပေကို ချစ်ခင်သူများ ၊စာဖတ်သူမိတ်ဆွေများ စာကိုအများကြီးတပြိုင်နက်
တင်လိုက်ပေးလိုက်ပါက စာဖတ်ချင်သဖွယ်မဖြစ်ဘဲ ပျင်းသွားမှာ စိုးရိမ်သည့်အတွက် နည်းနည်းစီ ပိုင်းလျက် တင်ပြတာဖြစ်ပါတယ်။
ယခုဆောင်းပါးသည် အတုယူစရာ ကျင့်သုံးလိုက်နာစရာ များစွာပါသည့်အတွက် အပိုင်း(၁)နှင့် အပိုင်း (၂) ဆက်စပ်ပြီး ဖတ်ကြရန်လည်း
စေတနာထားလျက် စာပေကို မြတ်နိုးကြားသော မိတ်ဆွေအပေါင်းတို့အား အကြံပြုလိုက်ပါသည်။

ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ..အပိုင်း( ၂)


ဘာသာတရားကို အလေးထားကြသည့် ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီများ၏ ရှေ့တွင် ဟင်းသာရုပ်များကို တွေ့ဘူး မြင်ဘူးကြပေလိမ့်မည်။
တချို့သည် ဟင်္သာရုပ်ထားရခြင်းအကြောင်းကို သိကြသူများရှိသလို မသိကြသေးသူများလည်းရှိကြသည်။
မသိသေးသူများအတွက် ဗဟုသုတအလို့ငှာလည်းကောင်း၊ သိပြီးသော သူများအတွက်လည်း ပြန်ပြီးမှတ်မိပါစေခြင်းငှာလည်းကောင်း ရေးသားလိုက်ရခြင်းဖြစ်ပါ၏။

တချိန်က ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းအုပ်ချုပ်နေစဉ် ဘုရားအလောင်းတော်သည် ဇ၀နဟင်္သာမင်းဖြစ်၍ အခြံအရံဖြစ်သော ဟင်္သာအပေါင်း ကိုးသောင်းအား
အကြီးအမှူးပြု၍ နေလေ၏။ ဟင်္သာမင်းတွင် ညီငယ်နှစ်ကောင်လည်းရှိသေး၏။ တနေ့တွင် ညီငယ်နှစ်ကောင်သည် သူတို့၏ အစွမ်းအစကို သိလိုသောကြောင့်
နေမင်းနှင့်အပြေးပြိုင်ရန် ဆုံးဖြတ်ပြီး အစ်ကိုကြီးဖြစ်သော ဟင်္သာမင်းထံ သွားရောက်၍ ခွင့်ပြုရန်တောင်းပန်ကြ၏။
ထိုအခါ ဟင်္သာမင်းသည် သတ္တ၀ါတို၏ ခွန်အားသည် အကျိုးများသည့်နေရာများတွင်သာ အသုံးပြုသင့်သည် ။ အသုံးမပြုသင်သည့်နေရာများတွင်
အကျိုးမများသောကြောင့် အသုံးမပြုသင့်ဟု စဉ်းစားလျှက် ခွင့်မပြုချေ။ သို့သော် ညီငယ်နှစ်ကောင်းသည် အစ်ကိုကြီးဖြစ်သော ဟင်္သာမင်း၏ စကားကို နားမထောင်သည့်အပြင်
နံနက်နေမထွက်ခင် ယုဂန္ဓိုရ်တောင်ထိပ်သို့ သွားရောက်ကြပြီး နေမင်းအလာကို စောင့်မျှော်လျက်နေကြ၏။ ဟင်္သာမင်းသည် ပျက်စီးကြမည့်အရေး ရင်မအေးလှသောကြောင့်
အတူလိုက်ပါခဲ့၏။ မှန်ပါသည် လောကလူသားအားလုံးတို့တွင်လည်း ခေါင်းဆောင်တို့မည်သည် သူတစ်ပါးအကျိုးစီပွားကိုသာ လိုလားကြ၏၊
သူတစ်ပါးအကျိုးစီးပွားပျက်မည့်အရေးကို မည်သို့မျှ မလိုလားကြချေ။ ထို့ကြောင့် စာရေးသူသည်လည်း ခေါင်းဆောင်တို့၏ နေရာဌာနနှင့်
မထိုက်တန်သည့် ခေါင်းဆောင်အင်္ဂါ ခြောက်ရပ်ကိုလည်း မြင်ယောင်မိပါသည်။

( ဂဏန်း၊ပုတ်သင်၊ ကိုင်းပင်၊နွားသိုး၊ လိပ်မျိုး၊ ခွေးအ ဤခြောက်ဝ နာယက မတင်ထိုက်) ဆိုသည့်အတိုင်း
၁။ ဂဏန်းကဲ့သို့ လက်မထောင်နေသော သူ
၂။ ပုတ်သင်ကဲ့သို့ သူတစ်ပါးလုပ်သမျှ ၊ပြောသမျှ ခေါင်းညိတ်တတ်သူ၊
၃။ လေလာရာယိမ်း၍ ကိုင်းပင်ကဲ့သို့ မတည်ငြိမ်သူ၊
၎။ နွားသိုးကဲ့သို့ စိတ်ဆိုးတတ်သူ
၅။ လိပ်ကဲ့သို့ ကိုယ့်ဖက်ကို ယက်တတ်သူနှင့်
၆။ ခွေးအကဲ့သို့ စားပိုးနင့်အောင် စား၍ ဇိမ်ခံတတ်သူ ဟူသော

ခေါင်းဆောင်နှင့်မထိုက်တန်သည့်သူများကိုလည်း သတိထားမိပါသည်။ ဟင်္သာမင်းသည်လည်း ယင်းခြောက်ပါးကိုရှောင်ရှားသော ခေါင်းဆောင်မျိုးဖြစ်၍သာ
ညီနောင်နှစ်ကောင်၏ ကောင်းကျိုးဖြစ်စေရန်အတွက် လိုက်သွားခဲ့သည်ဟု စာရေးသူခံစားမိပါသည်။ ထိုနည်းတူ ပြည်ပရောက် ပညာတော်သင် မြန်မာရဟန်းတော်များသည်
ဟင်္သာမင်းကို အားကျအတုယူကြလျက် သာသနာကမ္ဘာပြန့်လိုသော ရည်ရွယ်ချက်တို့ဖြင့် သာသနာပြုလိုကြသောဆန္ဒတို့ဖြင့် ပညာသင်ရင်း ဗုဒ္ဓစာပေများကိုလည်း
ရေးသားဖြန့်ဝေနေကြသည်မှာ များစွာရှိကြသည်ပင်။ ပညာတော်သင် မြန်မာရဟန်းတော်များသည် ဤကဲ့သို့ သာသနာပြုနိုင်ရန် ကမ္ဘာသုံးအင်္ဂလိပ်စာဘာသာရပ်ကိုလည်း
အလေးထား ဆည်းပူကြရလေသည်။ လောကလူသားများ အကျိုးများစေရန်အလို့ငှာ ဆင်းရဲခက်ခဲမှုတွေရှိကြသော်လည်း ကျိုးစားပြီး ပညာသင်ခြင်းနှင့် စာပေရေးသားချင်းများကို
အထူးအားထုတ်လျက်ရှိကြပါသည်။ ပြည်ပရောက် ပညာတော်သင် မြန်မာရဟန်းတော်များသည် ခေါင်းဆောင်ကောင်းဖြစ်သော ဘုရားလောင်းဟင်္သာမင်းကဲ့သို့
အနာဂါတ် သာသာနာ့ခေါင်းဆောင်ကောင်းများဖြစ်စေရန်လည်း ကြိုးစားနေကြလေသည်။

ဟင်္သာမင်းသည် ညီငယ်နှစ်ကောင်ကို စောင့်ကြည့်နေစဉ် နံနက်မိုးသောက် အလင်းရောက်သောအခါ နေမင်းသည် ထွက်ပေါ်လာချေပြီ။ ဟင်္သာမင်း၏ ညီငယ်နှစ်ကောင်သည်လည်း
နေမင်းထွက်ပေါ်လာသည်နှင့်တပြိုင်နက် ယှဉ်ပြိုင်၍ စတင်ပျံသန်းလေတော့သည်။ ဟင်္သာမင်း၏ ညီငယ်သည် ပျံသန်း၍ မကြာမြင့်မီ အတောင်ကြားမှ မီးထတောက်သကဲ့သို့ ဖြစ်လာလေပြီ။
ဟင်္သာမင်းသည် ညီငယ်၏ အသက်ဘေးရန်ရှိလာသည်ကို သိသောကြောင့် ညီငယ်ကို အတောင်နှစ်ခုဖြင့် ပွေ့ပိုက်လျှက် ယုဂန္ဓိုရ်တောင်သို့ပြန်ပို့လိုက်သည်။
နေ့မွန်းလွဲချိန်ရောက်သောအခါ ညီလတ်ကိုလည်း ညီငယ်နည်းတူ အသက်ကို ကယ်တင်လိုက်၏။
ဟင်္သာမင်းက ငါသည်လည်း နေမင်းနှင့်အပြေးပြိုင်၍ အကျိုးမများ ပျက်စီးဘို့သာ ဖြစ်ချေတော့မည်။ ထို့ကြောင့် ဗာရာဏသီ မင်းထံသို့ သွား၍ အကျိုးစီးပွားနှင့်စပ်ယှဉ်သော
တရားစကားကိုဟောအံ့ ဟု အကြံထုတ်တော့သည်။ ဗာရာဏသီမင်းထံသို့ ရောက်သောအခါတွင် ငါသည် နေမင်းနှင့်အပြေးပြိုင်လာခဲ့သည့်အကြောင်း မင်းကြီးအား ပြောပြ၏။
မင်းကြီးသည် ဟင်္သာမင်းပြောသည့်စကားဟုတ်မဟုတ် လေးသမားလေးယောက်ကိုခေါ်၍ စမ်းသပ်မှုကိုပြု၏။ မင်းကြီးက ဟင်္သာမင်းအား နန်းရင်ပြင်ဝယ်ရှိသော ကျောက်တိုင်ထိပ်၌ ရပ်နေစေပြီး ၊
လေးသမားလေးယောက်ကိုလည်း နည်းတူ တိုင်သို့မှီရပ်စေ၏။ လေးသမားလေးယောက်တို့သည် များမကြာမီ အရပ်လေးမျက်နှာသို့ မြှားတွေကိုပစ်လွတ်စေသည်။
ဟင်္သာမင်းကလည်း ထိုလေးသမားလေးယောက် ပစ်လွတ်လိုက်သော မြှားတွေကို အဟုန်ဖြင့်ပျံလျက် နှုတ်သီးဖြင့် ဖမ်းယူပြီး လေးသမားလေးယောက်၏ ခြေရင်း၌ ချထားလိုက်၏။
ဟင်္သာမင်း၏ ပျံသန်းဖမ်းယူသော အခြင်းအရာကို မည်သူတစ်ဦးတစ်ယောက်မျှ မမြင်လိုက်ကြ။ ကျောက်တိုင်ထက်၌ ရပ်မြဲ ထင်နေကြ၏။
ထိုအခါ ဗာရာဏသီမင်းကြီးက ဟင်္သာမင်းအား ( အဆွေဟင်္သာမင်း သင်၏ လျှင်မြန်ခြင်းအဟုန်ကား လေသမားလေးယောက်ပစ်လွင့်လိုက်သော မြှားလေးစင်းထက်
သာလွန်သည်သာ ဖြစ်သောကြာင့် အံ့သြဖွယ်ကောင်းပေစွ)ဟု ချီးကျူးလိုက်သည်။


အပိုင်း(၃)တွင် ဘ၀သင်္ခန်းစာများ ထုတ်နှုတ်ရေးသားထားသည့်အတွက် အတုယူစရာ ကျင့်သုံးစရာ၊ သံဝေဂ ပွားစရာများ ပါသည့်အတွက် ဆက်လက်ဖတ်ပေးကြပါရန်
စာပေကို မြတ်နိုးသူများအားလေးစားလျက် ၊

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Tuesday 2 August 2011

..............ဘုရားရှေ့က ဟင်္သာရုပ်က ဒီလိုပါ............အပိုင်း ( ၁ )

စာရေးသူသည် သီရိလင်္ကာနိုင်ငံမှ M.A ပြီးဆုံးသောအခါ အိန္ဒိယနိုင်ငံသို့ (PH. D Entrance) ဖြေဆိုအောင်မြင်ပြီး (PH.D Thesis ) ရေသားနေစဉ် သံဝေဂနှင့်စပ်သော စာမှုတစ်ခု ရေးလိုသောဆန္ဒဖြစ်လာလေသည်။ စာရေးသူလည်း စာမူအတွက် ဘယ်ကစပြီး ရေးရမှန်းမသိစဉ်းစားရခက်နေလေသည်။ ဆွမ်းစားနေနေစဉ် အိန္ဒိယနိုင်ငံမှာ ပညာသင်ဖက် သူငယ်ချင်းတစ်ပါးဆီက ဟင်္သာရုပ်ကို ဘုရားရှေ့ ဘာကြောင့်ထားရသလဲ ဆိုသည့် အမေးတစ်ခုကို ကြားလိုက်ရ၏။

ထိုစဉ် အာရုံထဲဝယ် အတွေးတစ်ခုဝင်ရောက်လာ၏။ စာရေးသူစိတ်ထဲတွင် စာမူတစ်ခု အတွက် ဘုရားရှေ့မှာ ဟင်္သာရုပ်ထားရခြင်းအကြောင်းကို ရေးရင်ကောင်းမယ် ဟု စဉ်းစားမိလိုက်၏။ ထို့ကြောင့် ယခုအကြောင်းအရာလေးကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ပြည်ပရောက် အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံတို့၌ ပညာသင် မြန်မာရဟန်းတော်များသည် ငါတို့သည် ပညာသင်ကြားနေခြင်းကား သာသနာအတွက်သာဖြစ်ရမည်။
သာသနာသည် ငါတို့အတွက် မဖြစ်ရဟူသော ရည်ရွယ်ချက်များကိုယ်စီထားကာ ခက်ခဲမှုတွေကို ဂရုမမူပဲ သာသနာအတွက် ပညာသင်ကြားနေကြ၏။

ပြည်ပရောက် ပညာတော်သင် မြန်မာရဟန်းတော်များသည် ........

(မကောင်းမြစ်ထာ၊ ကောင်းရာညွန်လစ်၊ အသစ်ဟောကြူး၊
နာဖူးထပ်မံ၊ နတ်ထံတင်ရာ။ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ) ဆိုသည့်အတိုင်း

၁။ လူသားအားလုံးအပေါ် မကောင်းသည့်အရာများ တွေ့ရှိက တားမြစ်ကြခြင်း၊
၂။ ကောင်းသည့်အရာများကိုသာ ညွန်ပြကြခြင်း။
၃။ အမှန်တရားများကိုထုတ်ဖော်ဟောပြရခြင်း၊
၎။ ထုတ်ဖော်ပြပြီးသော တရားများကိုလည်း ထပ်မံပြသပေးရခြင်း၊
၅။ ဒါန၊သီလ၊ ဘာဝနာတို့ဖြင့် သုဂတိဘုံဌာနတို့သို့ ရောက်ဖို့ရန် တိုက်တွန်းပေးကြခြင်း။
၆။ သတ္တ၀ါအားလုံးအပေါ် မေတ္တာအမြဲပို့လွတ်ပေးရခြင်း ဟူသော ... ရဟန်းကျင်စဉ်ခြောက်ပါးနှင့်အညီ သာသနာပြုလိုကြ၏။

ထို့ကြောင့် ပြည်ပရောက် ပညာတော်သင် မြန်မာ ရဟန်းတော်များသည် လူသားအားလုံးတို့ကို အတုယူစရာ စာပေများနှင့် မိတ်ဆက်ပေးခြင်းအားဖြင့်လည်း သာသနာပြုရာရောက်၏။ စာပေသည် လူသားတိုင်းအတွက် ဘ၀ကို ပုံဖော်ပေးနိုင်သည့် ဘ၀အလင်းရောင်ဖြစ်သည်။ စာပေကို ဖတ်ခြင်းအားဖြင့်လည်း ဘ၀တိုးတက်မှု၊အောင်မြင်မှုတွေအတွက် လမ်းပြပေးနိုင်၏။ ဘ၀လမ်းမှန်ကိုရောက်အောင် စာပေက တွန်းအားတွေပေးနိုင်၏။

ပြည်တန်ပတ္တမြားသည် လူသားတိုင်းအတွက် အဘိုးတန်ဆုံး ရတနာတစ်ပါးဖြစ်သလို စာပေဗဟုသုတသည်လည်း လူသားတိုင်းအတွက် အဘိုးတန်ဆုံးရတနာတစ်ပါးပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံတို့၌ ပညာသင်နေကြသော မြန်မာရဟန်းတော်များပင် ဖြစ်လင့်ကစား အဘိုးတန်ရတနာများကို ဖြန့်ဝေလိုသော ရည်ရွယ်ချက်တို့ ကိုယ်စီဖြင့် ပညာသင်ရင်း အတုယူစရာ စာပေများကိုရေးသားလျက်ရှိကြပါသည်။


စာပေကို ချစ်ခင်မြတ်နိုးကြသော မိတ်ဆွေများအား ဖတ်ရှုနိုင်ရန် ယခုရေးသားသော ဆောင်းပါးသည် အလွန်ရှည်သည့်အတွက် စာဖတ်သူမိတ်ဆွေများ ပျင်းသွားမည် စိုးရိမ်သောကြောင့် အပိုင်း(၁) တွင် ဟင်္သာအကြောင်းကို ထည့်မပေးပဲ အပိုင်း(၂) နှင့်အပိုင်း (၃ ) မှာသာ သင်္ခန်းစာ ယူစရာတို့နှင့်အတူ ထည့်ပေးထားပါသည်။ဆက်လက်ပြီး ဆက်တိုက်တင်ပြသွားမှာဖြစ်သည့်အတွက် စောင့်မျှော်ပြီး အတုယူကျင့်သုံးလိုသောဆန္ဒတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။ အပိုင်း(၂) ကို ဆက်လက်ပြီး ဆက်တိုက်တင်ပြသွားမှာဖြစ်သည့်အတွက် စောင့်မျှော်ပြီး အတုယူကျင့်သုံးလိုသောဆန္ဒတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။
အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/