တတ်ချင်လျှင် သင်၊ တော်ချင်လျှင် လေ့ကျင၊့် မမှားချင်လျှင် ပြန်စစ်၊ အောင်မြင်ချင်လျှင် ဝီရိယထား။

ဗုဒ္ဓပုံရိပ်လွှာများ

Tuesday 26 July 2011

အမေ့ရုပ်လွှာ

ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီးမိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့ သွတ်သွင်းခဲ့ခြင်း မဟုတ်သည် ကတော့အသေအချာပင်။
မကြာသေးမီက တိုက်သစ်ဆရာတော် ရှင်ပြုတစ်ခုမှာ ဟောကြားသော “စကြာဝတေး မင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။
ရှင်မယ်တော် ရဟန်းမယ် တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏”ဆိုသည့် တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့်
အမည်ထူးတစ်လုံးကို ပန်ဆင်လိုသဖြင့်လည်း သာ၍ပင်မဟုတ်ခဲ့။ ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော “ကိုယ်၏ သားဖြစ်စေ၊
ကိတ္တိမသား ဖြစ်စေ၊ သာသနာတော်တွင်းကို သွတ်သွင်းမှသာ” စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ အပယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။
ဟုတ်သည်။ ခုဆို သားကို အကြောင်းပြုကာ အကုသိုလ် အထုပ်က ငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။ ရဟန်းမယ်တော်နော် ရဟန်းမယ်တော်...
.ဆိုသောစည်းကြိုးခိုင်ခိုင်ဖြင့် ကံသုံးပါးကို စည်းနှောင်နိုင်ခဲ့ပြီပဲ။ နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသော သီလ...အဲ တစ်ခါတလေ သန်းဥ စမ်းမိတာက
လွဲလို့ပါဏာတိပါတ စသောကံငါးပါးကို ခါးဝတ်လဲကဲ့သို့ မြဲခဲ့တာကို တွေ့ရတော့ “ ဒါ သားကြောင့်ပဲ...ဟုတ်တယ်။ သား ဒီဘောင်မှာ မွေ့ပျော်သ၍ နိဗ္ဗာန်တံခါးကို
မဖွင့်နိုင်တောင်မှ အပယ်တံခါးဖြင့်....”ဤလို ကြည်နူးခဲ့ရသည်။ အိပ်နိုးထတိုင်း ထိုကြည်နူးမှုလေးဖြင့် နှစ်ထောင်း ပျော်ရွှင်ခဲ့ရသည်။
ခု ဤပီတိအဆောက်အအုံလေးက တုန်ခါယိမ်းယိုင်ချင်နေပြီ။ ပြိုကျ ပျက်စီး သွားဦး မှာလား။
အသက်ခြောက်ဆယ်သီသီ စွန်းခဲ့ပြီမို့ သားရဲ့ အရိပ်မှာ တစ်လှည့်ချွေးသိပ်ရင်း အဖမြတ်စွာသခင်၏ မဂ္ဂင် လမ်းကြောင်းအတိုင်း လျှောက်တော့ မည်ဟု
ကြံစည်စိတ်ကူး ရုံရှိသေး၊ ခု သားက သင်္ကန်းကြီးက သစ်ခေါက်စော်နံပြီ ဆိုတော့ ...အမေ အမေ့သား လူထွက်တော့မှာတဲ့ဗျ” “မဟုတ်က ဟုတ်က ဟယ်”“
သူ့ သူငယ်ချင်း ဦးဇင်းသိန်း ပြောတာ၊ ဦးဇင်းသိန်းကြွလာတော့ အမေ လျှောက်ကြည့်ပေါ့” ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ဒီနေ့ ဘာနေ့ပါလိမ့်၊ အင်း တနင်္လာနေ့။
တနင်္လာနေ့ ဆိုတော့ ကျွန်မသား စကား မမှန်ရာတဲ့၊ ဟုတ်တာပေါ့ ကျွန် က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာနံ၊ တနင်္လာနေ့ ကြားတဲ့ စကားမမှန်ပေါ့။ မမှန် နိုင်ပါဘူး၊
မမှန်ပါစေနဲ့တော်၊ မမှန်ပါစေနဲ့။ သင်္ကန်းဆီးကတည်းက လူထွက်ဖို့ ဝေးလို့၊ တစ်ခါမျှ ရှင်လိင်တော် မပြန်ဘူးတဲ့ သား၊ ဒီသားက ရဟန်း ဝါဆယ်ဝါမျှ မြဲခဲ့သော
သင်္ကန်းကို ဖြုန်းစားကြီး ချွတ်တော့ မည်ဆိုတော့ မဖြစ်နိုင်၊ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ နောက်ပြီး လူထွက်စကားလည်း တစ်ခါမျှ ရယ်စရာအဖြစ်ပင် မဟဘူးခဲ့။
အင်း ရှက်လို့ မဟတာ နေမှာ။ ဒါမျိုး ဆိုတာ ကြိတ်ကြံချင် ကြံနေမှာ။ ဦးစန္နောကြီး ကြည့်ပါလား၊ တစ်ရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်လိုက် ရတာ၊
ဣနြေ္ဒကလည်း ကြီးမှကြီး၊ ဟော ဦးဖိုးဒင် မြေးမလေးနဲ့လည်း တွေ့ရော၊ တစ်ခါတည်း အောင်ထားတဲ့ ဓမ္မာစရိယ ဆိုတဲ့ ဘွဲ့တွေတောင် မနှမြောတော့ဘူး။
ခုလဲ အဲလိုများ ဖြစ် ဟင်း...။ ကန်တော့ပါရဲ့ မောင်ပဉ္စင်းမှာလဲ ရည်းစားသနာများ တွေ့ပြုနေ.... ဟယ်.... ဟုတ်မယ် မထင်ပါဘူးလေ။
အင်း ရဟန်းတော်တွေ လူထွက်တယ် ဆိုတာလည်း တော်ရုံတန်ရုံ အကြောင်းလောက်နဲ့ ထွက်ကြတာ မဟုတ်ဘူး။ မောင်ပဉ္စင်းကလည်း ရုပ်လေးက မအေတူ ဖြူဖြူနွဲ့နွဲ့ရယ်။
ရွာကြွလာတဲ့အခါ ဟို ငဖုန်းရဲ့သမီးလေးနဲ့တော့ အခေါ် အပြော ရှိတာပဲ။ အဲဒီကလေးမနဲ့များ...။ ဟုတ်ချင် ဟုတ်မှာ။
ကောင်းမလေးက ကွမ်းတောင် ပန်းတောင်ကိုင်ဆိုတော့....အသက်တော့ ကွာပါတယ် လေ။ နောက်ပြီး သူတို့က ကျောင်းနေဘက်တွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။
ဟို သူငယ်မလေးက ဗိုင်းကောင်း ကျောက်ဖိ လေးပါ။ အင်း ...မဟုတ်ရင်တော့ ကိစ္စမရှိ၊ ဟုတ်ရင်....ဟုတ်များနေခဲ့ရင်....။
ဟိုကလေးမကို သွားမေးစမ်းကြည့်ရလျှင် ကောင်းမည် ထင်သည်။ မီးဆိုတာ မလောင်ခင် တားတာ အကောင်းဆုံး မဟုတ်လား။ သွားမေးတာတော့ ဟုတ်ပြီ။
မဟုတ်ခဲ့လျှင် သားသမီးချင်း မစာနာရာ ကျချေတော့ မည်။ဘယ့်နှယ်လုပ်ပါ့။ ကိုယ့်မောင်ပဉ္စင်းကိုပဲ သွားပင့်ခိုင်းတာ အကောင်းဆုံး ဖြစ်ပေတော့မည်။
မနက်ဖြန် အငယ်ကောင်ကို မန္တလေးလွှတ်ရမည်။ မင်း နောင်တော်ကို ပင့်ခဲ့၊ သူ့ ဆရာတော်ကိုလည်း အကြောင်းစုံ လျှောက်ခဲ့ ဟု မှာရမည်။
မောင်ပဉ္စင်းကြွလာမှ အကြိမ်များစွာ လျှောက်ခဲ့ဖူးသော စကားကို ထပ်လျှောက် ရမည်။ အကြိမ်တစ်ရာမကလို့ လည်ချောင်း လှည်းပတောင်း ထချင်ထပစေ လျှောက်ရမည်။
“လူမထွက်ပါနဲ့ ဘုရား လူ့ဘဝဆိုတာ ...”ဆံတစ်ပြည် ဘယ်ဈေး၊ ဆီတစ်ဆယ်သား ဘယ်လောက်စသည့် စားရေး အပူတွေထက်ပင် သားရေးအပူကပို၍ လောင်မြိုက်လှတော့သည်။
အရိပ်တကြည့်ကြည့်နှင့် ပျိုးထောင်ခဲ့ရသောသား ခုတော့ ....အို ... ကိုယ်ပူ ကိုယ်ကျွမ်းတာပဲ။ နောက်ပြီး မရေမရာနဲ့။ သန်ဘက်ခါ သားငယ် ပြန်လာရင် အကြောင်းစုံသိရမှာပဲဟု
ကိုယ့်ကိုယ်ကို ဖျောင်းဖျရင်း စိတ်ကို ငြိမ်စေရ သည်။ သို့သော်....စိတ်သည် နဖားထိုးထားသည့် နွားမ တစ်ကောင် မဟုတ်လေတော့....။ မောင်းပဉ္စင်းကို မွေးတော့ သင်္ကြန်အတက်နေ့ကြီး မှာပင်။
နောက်နေ့ဆို နှစ်သစ်ကူးပြီ။ ဒီတော့ မီးတွင်းထဲ ကြာကြာ မနေလိုက်ရ။ တစ်ရက်နှင့်မီး ထွက်ခဲ့ရသည်။ အညစ်အကြေးနယ် ကြာရှည်မနေရသည့် သဘော။
ထို ကတည်းက ဒီသားဟာဖြင့် တခြားသားတွေနှင့် မတူ။ ထူးမည့်သားပဲဟု ကိုယ့်ဟာကိုယ် အတိတ်ကောက် နိမိတ်ဖတ်ခဲ့ မိသေးသည်လေ၊
နာမည်ပေးတာတောင် “မောင်ဆွေထွန်း” တဲ့။ ဆွေလယ်မျိုးလယ်မှာ ထွန်းမည့်သားလို့။ပြန်တွက်စစ်လိုက်တော့ သားတွေချည်း လေးယောက် မွေးခဲ့သည့်ထဲက မောင်ပဉ္စင်းက နို့ညှာ။
သူ့အောက် တစ်ယောက် ရှိသေးသည်။ သည်သား လေးယောက်ထဲတွင် ဉာဏ်အထက်ဆုံး သားကလည်း သူပင်။ ညည အိပ်ယာဝင် ပုံပြောပြီဆိုမှဖြင့်
သူတစ်ယောက်သာ ပုံဆုံးအောင် နားထောင် မြဲ၊ မှတ်လည်း မှတ်မိသည်။ နောက်တစ်နေ့မှာ သူ့ညီကိုပြန်ပြောနေ လိုက်တာများ ချောလို့။
ပြောစရာ ပုံသစ် မရှိသော ညများဆိုလျှင် ...“အမေ တောထွက်တဲ့ အကြောင်း ပြောပါဦး” ဟု ပူဆာတတ်သည်။ သူ တောင်းဆိုသည်က ရွာလယ်ဝတ် ကျောင်းမှာ ရွတ်ဆိုရသော
တောထွက် တော်မူခန်း ဘုရားပင့်၊ အသံနေအသံထားနှင့် ဆိုပြတာကို သူ သဘောကျသည်။ ကြားဖန်များတာကိုပင် မရိုးနိုင်၊ ရသည့် အပိုဒ်ဆိုလိုက်၍ပင် ဆိုလိုက်သေး၊
တစ်ညသားများ မှတ်မိနေ သေးတော့ “သူအိုတစ်ဖြာ သူနာတစ်တွေ.... သူသေတစ်ခန်း၊ သူရဟန်းနှင့်မဂ်လမ်း ထွင်စရာ လေးဖြာနိမိတ် နတ်ပြဟိတ်သော်ကြောင့်၊
မောင်ဆန်ကိုခေါ်၊ တိုင်ပင်တော်မူသည်မှာ ငါနှင့်အညီ ယသော် ဗျက်ဝိ တောထွက်မည့်ဟန် ငါ့အကြံကိုဧကန် မသိရှာလေဟု....။
“လောင်းမင်းသားက အဲသလို သူအိုသူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော့ တောထွက်ဖို့ရာဖွားဘက်တော် မောင်ဆန်ကို ခေါ်ကာ တိုင်ပင်တော်မူသကဲ့ ကွယ်”
ထိုသို့ အဆို တစ်ခါ အပြော တစ်လှည့်ဖြင့် ပုံခင်းပြတုန်း ... “သူအိုဆိုတာ ဘာလဲ အမေ”
“အိုနေတဲ့ ဘိုးကြီးအို၊ မယ်ကြီးအိုတွေကို ပြောတာပေါ့ကွယ်” “ဟို...အဖေကြီး ဘိုးရွှေလုံလိုလား” “အေးပေါ့”
“သူနာကကော” “နေမကောင်းနေတဲ့သူပေါ့ သားရဲ့” “သူသေဆိုတာ ဟိုအသုဘချတာကို ပြောတာ လား” “ဟုတ်တာပေါ့ သားရဲ့”
“ဒါဖြင့် သူရဟန်းကကော” “သူရဟန်းဆိုတာက ဟို ... အဲ ... ဘုန်းကြီးကို ခေါ်တာကွယ့်” “တိုက်သစ်ကျောင်းက ဘုန်းဘုန်းလိုလား”
“ဒါပေါ့ သားရဲ့ အဲဒီ ဘုန်းဘုန်းလို” “ဘာလို့ သူက ဘုန်းကြီးလုပ်တာလဲ” “သူကလား သူက....အဲ....သူအို သူနာ သူသေမဖြစ်အောင် တရားအားထုတ်ဖို့ပေါ့ကွယ်”
“ဒါဆို သားလဲ ကြီးရင် ဘုန်းကြီး လုပ်မယ်” ကြည့်စမ်း လိမ္မာလိုက်တဲ့ သား။ ကြည်နူးလိုက်ရတာ၊ ရှင်ဘုရင်ဖြစ်မည့်သူက မွေးကတည်းက ရောင်လေးနဲ့ ဆိုသလိုပင်။
ထိုညကတည်းက သားကို ရှင်ပြုပေးဖို့ အားခဲမှု ပို၍ ထက်သန်ခဲ့လေတော့သည်။ သင်္ကန်းနိုင်လျှင်ရှင်ပြု ပေးကြဖို့ သူ့အဖေနှင့် မှတ်မှတ်ရရ တိုင်ပင်ဖြစ်ကြသည်။
ခု ... ဤ သားက လူ ထွက်တော့မည်တဲ့...။

ရှင်ပြုတော့ မှတ်မိနေသေးသည်။ သားကြီးတွေတုန်းက ဆိုင်းနှင့် ဝိုင်းနှင့် ရှင်ပြုပေးခဲ့သည်။ အငယ်နှစ်ယောက်ကျတော့ အပျော်အပါးမဖက်၊
လောကုတ္တရာ သက်သက်ဖြစ်အောင် မနည်းတိုင်ပင်ယူရသည်။ ဒါတောင် သူ့ဒကာကြီးကအရပ်ကျေနပ်အောင် ဗြောလေး ထည့်လိုက်ချင် သေးသည်။
ဒီတော့ သိသလောက် မှတ်သလောက်နှင့်....။“ကိုယ့်နှယ် ဒီ အပိုကုန်မည့်အစား မဏ္ဍပ်ဝင် သံဃာတော်တွေကို လှူဖွယ်ဝတ္ထု ပိုလှူမယ်၊
ဒါမှ အကျိုးကြီးတော့မပေါ့တော်” စသည်ဖြင့် ဖျောင်းဖျရသေးသည်။ အဲဒီတုန်းက ကျွေးတာမွေးတာကိုပင် အမဲပေါ်ခြင်း၊ ဝက်ပေါ်ခြင်းမလုပ်စေခဲ့၊
ပံ့သကူသား ဖြစ်အောင်ငါးခြောက်ထာင်း ကြော်ကျွေးခဲ့သည်။ ငါးခြောက်မှ နိတိနတ မဟုတ်၊ ဈေးအကြီးဆုံး ငါးရံ့ခြောက်ကို ကျွေးခဲ့တာ။
ဘုန်းကြီးဖြစ်မည့် သားရဲ့ပွဲမှာအားလုံး စင်ကြယ်စေချင်သည်လေ၊ မောင်ပဉ္စင်း သင်္ကန်းဆီးတော့ ဘာရှိသေးလဲ ကိုးနှစ်သား အရွယ်လေး။
အငယ် ကောင်က ခုနစ်နှစ်၊ ရှင်တစ်ဝါနှင့် အငယ်ကောင်က ထွက်ခဲ့ပေမယ့် သူကတော့ မြဲခဲ့သည်မှာ ယခုတိုင်ပင်။
သင်္ကန်းလို သင်္ကန်း၊ ဖိနပ်လို ဖိနပ်၊ လိုရာကို လှူဒါန်းထောက်ပံ့ရင်း သာသနာ့ဘောင်မှာ ထားခဲ့ရကျိုးနပ်သည်ဟု ဆိုရပေမည်။
တစ်ခါမျှ လူထွက်ချင်ကြောင်း မပြောဘူးခဲ့၊ ကိုရင်လေး ဘဝနှင့်ပင် တိုက်သစ်ဆရာတော်ကျောင်းမှာ ပရိတ်ကြီး သဒ္ဒါရှစ်စောင် သင်္ဂြိုဟ်ကိုးပိုင်း ကုန်ကာ စာတွေ အတော်ရလှပြီ၊
သူ့ဆရာ ဘုန်းကြီး ပြောတာပင်အမှတ်ရ သေးတော့ ...“မယ်ရွှေကံ...နင့်သား သိပ်ဉာဏ်ကောင်းတာ၊ ကြီးရင် ဆရာတော်ဖြစ်မယ်ဟဲ့” တဲ့။
ခုတော့ဖြင့် ကြားရချက်ကမဟန်ချင် ဆတော်ဖြစ်ဖို့ နေနေ သာသာ ကျောင်းပင် မထိုင်ရသေး၊ လူထွက်တော့မည် ဆိုတော့ ... ။
သည်လိုနှင့် ဆယ့်လေးငါးနှစ်အရွယ် ကိုရင်ကြီး ဖြစ်လာခဲ့သည်။ အရွယ်လေး ရောက်လာတော့ ကျောင်းက ကပ္ပိယကြီးနှင့် မတည့်ချင်၊
ကပ္ပိယကြီးက ဆရာတော်ကိုအပြစ်မဟုတ်တာတွေ အပြစ်လုပ်ကာ လျှောက်သည်တဲ့။ဆရာတော်ကလည်း ခဏခဏ ဆူသည်တဲ့။
အခန့်မသင့်လျှင် နကန်နှင့်ပင် အဆော်ခံရတတ်လေတော့ ကိုရင် ရွာကျောင်းမှာ မပျော်ဖြစ် လာသည်။ ဒါတောင် လူထွက်ချင်ကြောင်း လေသံမဟခဲ့။
ကိုရင့်ဒကာကြီး ကသာ စိုးရိမ်ပြီး....“ဒီမယ် ကပ္ပိယကြီး၊ ဆွမ်းကျန် ဟင်းကျန်အေးအေးစား၊ ကိုရင်ကျောင်းသား တွေကို အနိုင်မကျင့်ပါနဲ့၊
ကျုပ်သား လူထွက်လို့ကတော့ ကျုပ်နဲ့ ခင်ဗျား အတွေ့ပဲ” အဲသည်လို သွားကြိမ်းမောင်းခဲ့သည်။ တစ်သက်လုံး မော်မကြည့်ဝံ့အောင် ကြောက်ရွံ့ခဲ့ရသည့် ဆရာဘုန်းကြီးကိုပင်မမှုနိုင်အားတော့။
ခု ထိုကျေးဇူးတွေကို ဆပ်ဖို့ လူထွက်တော့မှာလား သားရယ်....။မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ အမေတို့ မောင် ပဉ္စင်းကို ဒီဘဝရောက်အောင်
ကြိုးစားပမ်းစား ခေါင်းနဲ့ရွက် တင်ခဲ့ရတာပါ ဘုရား... အဲသည်လိုကစပြီး တောင်းပန် လျှောက်ထားရမည်။ စဉ်းစားကြည့်ပါ မောင်ပဉ္စင်းဘုရား၊ မောင်ပဉ္စင်း ကိုရင်ဘဝကရွာမှာ
မပျော်တော့ဘူးဆိုတော့ မြို့စာသင်တိုက်ပို့ပေးရ၊ ဆရာဘုန်းကြီးရဲ့ အငြို အငြင်ကိုလည်း ခံရ၊ စားရိတ်စက ထောက်ပံ့ဖို့ နွားပေါက်လေး တစ်ကောင် တောင်ရောင်းရတာတွေ
မောင်ပဉ္စင်းကို တစ်ခါမျှ အသိမပေးခဲ့ဘူး။ မဟုတ်လား။ အခုတော့ မောင်ပဉ္စင်းသိအောင် ပြောပြချင်နေမိသည်။
နောက်ပြီး တစ်ခါမျှ စိတ်ကူးနှင့်ပင် မရောက်ဖူး သည့် မြို့ကြီးသို့ ကိုရင့်ကို ဘယ်လိုမှ မလွှတ်ရက်။ လွှတ်ရမည်ကို စိတ်မချ၊ ရွာမှာ နေပြီး လူထွက် သွားမှာ နှင့်စာလျှင်
တော်လေသေးရဲ့ဆိုပြီး ဒကာကြီး၊ ဒကာမကြီးပါ မျက်စိစုံမှိတ်ပြီး လွှတ်လိုက်ကြခြင်းပါ။ ကိုရင် မြို့ကို သွားစရက်များကဆို ကားများ တိုက်လေမလားဟဲ့။
မြင်းလှည်းနဲ့များ ခိုက်လေမလားဟဲ့၊မျက်စိသူငယ် နားသူငယ်နှင့်များ နေရှာ မလားဟဲ့ စသဖြင့် ပူပန်လိုက်ရတာ။ မန္တလေးက ဘယ်သူပြန်လာသတဲ့၊
ဘယ်ဝါ ပြန် လာသတဲ့ဆို ကိုရင်နဲ့များ မတွေ့ခဲ့ကြဖူးလားလို့ သွားမေးရတာလဲ အမော။ နောက်မှ သိရသည်။ မန္တလေးမြို့ ဆိုတာ အကျယ်ကြီးဟု။
ရွာလိုမှ မဟုတ်ဘဲ၊ တကူးတကမသွားဘဲမတွေ့နိုင်ဘူးတဲ့၊ ဪသြော်... အဲဒီတုန်းကများ တပည့်တော်မ မှာ လူရယ်စရာကြီးကိုဖြစ်လို့။
ဒါတောင် မန္တလေး သွားသူကြုံတိုင်း ငါ့သားလေးဆီ ဝင်ခဲ့ကြပါဦးဟု မှာနေမိပြန်သည်။ နောက်တော့ တစ်နှစ် တစ်ခေါက်ဖြင့် ကိုရင် ပြန်ကြွလာမှာပဲလေဟု
လွမ်းစိတ်ကို ဖြေရတော့သည်။ သို့သော် ရွာက ဆရာတော် စိတ်မပြေသေးလို့လား မြို့က ဆရာတော် ခွင့်မပေးလို့လားမသိ၊ တစ်နှစ်ပတ်ပင် လည်တော့သည်။
ကိုရင်ကဖြင့် ပြန်ကြွမလာ။ ပြာသိုလ ဘုရားပွဲတော်ချိန်မှများလာ မလားပဲ။ ဟုတ်သည်။ ထိုပွဲတော်မှာ ရွာဇာတိအဝေးနေ သံဃာတွေ အကုန်ပင့်တာပဲ ဟာ... ဆိုသည့်
မျှော်လင့်ချက်နှင့် ဆက်မျှော်နေဖြစ်သည်။ တစ်နေ့လာနိုး တစ်နေ့လာနိုးနှင့် ပြည် ကူးတို့ သင်္ဘောကပ်ချိန်တိုင်း မြစ်ဆိပ်က သွားကြိုနေမိသည်။ အဝတ်ကလေး
သုံးလေးထည်ကို မြစ်ရေမှာ အချိန်ကုန် အောင် လျှော်ဖွတ်ရင်း သား ကိုရင်ကို စောင့်မျှော်နေခဲ့သည့်အဖြစ်ကို မောင်ပဉ္စင်း ပြန်မြင်စေချင်လှသည်။
အဲဒီတုန်းက တစ်နေ့... နောက်တစ်နေ့... ဟိုနောက်တစ်နေ့... အဲဟို နောက်တစ်နေ့... နေ့ဆက် ထွက်မျှော်နေမိသည်။ ဘုရားပွဲတော်သာ ပြီးသွားသည်။
ကိုရင်၏ အရိပ်အရောင်ကိုကား မတွေ့ခဲ့ရ၊ နောက်ဆုံး မနေသာတော့မှ ကိုရင့်ဒကာကြီးက-“ ညည်းနှယ်အေ၊ သာထွန်းနဲ့ မန္တလေး ဘာဝေးတာ မှတ်လို့၊
တစ်နေ့ခရီးပဲဟာ၊ ညည်းသားကို တွေ့ချင်ရင်ကျုပ် လိုက်ပို့မှာပေါ့၊ အချိန်မရွေး သွားတွေ့ ရသားနဲ့ အလကား စိတ်ပင်ပန်းခံလို့၊ ညည်းသွားချင်တဲ့နေ့သာပြော”
အဲသည်က စပြီးနောက် နှစ်တွေမှာ တစ်နှစ်တစ်ခေါက်လိုလို ကိုရင့်ဆီ ရောက်ဖြစ်တော့သည်။ ကိုရင်နှင့်လည်း တွေ့ရ၊ ဘုရားစုံလည်း ဖူးရသည်မို့ ဝမ်းသာရသည်။
ကိုရင် စာတော်ကြောင်းကိုလည်း အတူနေဦးဇင်း ကိုရင် တွေထံမှ ကြားရပြန်သည်။ အဲသည်ရောက်စနှစ်က ပထမငယ်တန်းကို အောင်ခဲ့သည်။
နောက်နှစ်များမှာလည်း...မှတ်မိသေးတော့သည်။ ရောက်ဦးစ တစ်ခေါက်တုန်းက ကိုရင့်ဒကာကြီးက-
“ကိုရင် ဆွမ်းခံအိမ် ဘယ်နှစ်အိမ်ရှိလဲ၊ ဆွမ်းခံရတာ အဆင်ပြေလား” “မန္တလေးက စ ဒ ဘ ဝ နှင့် ညီမှ ဒကာကြီးရ”
“စဒဘဝဆိုတာ ဘာတုန်း ကိုရင်ရဲ့” “စဒဘဝဆိုတာ စ စောစောထပြီး၊ ဒ ဒုန်းပြေးကာ ဘ ဘုံလောင်းတိုးနိုင်မှ ဝ ဝ၀လင်လင် စားရမည်တဲ့”
ကိုရင့်အဖြေကြောင့် ရယ်လိုက်ကြရတာလေ။ ဪ သြော် ... အဲဒီတုန်းကတော့ အခုလို လူထွက်လိမ့် မည်ဟု ယောင်လို့ပင် မထင်မိခဲ့၊ ခုတော့...
ပထမကြီးအောင်သည့်နှစ်မှာတော့ ရွာကို ပြန်ကြွလာသည်။ ဒါတောင် ပဉ္စင်းတက်ရန် အသက်ပြည့် နေသော ကြောင့်သာ။ သို့မဟုတ်ရင်တော့...။
ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို နှစ်ချင်းဆက် အောင်မြင်ခဲ့လေသော ကိုရင်ဖြစ်လေတော့ ရဟန်းဒကာခံလိုသူတွေ ပေါသည်။
ဟို... ဝါးခယ်မ အောက်ပြည် အောက်ရွာက ဒကာတွေက ဒကာလုပ်ချင်၍ ရဟန်းလောင်း တောင်းသည့်တဲ့။ မပေးနိုင်ပေါင်တော်။ မပေးနိုင်ပေါင်။
သတင်းကြားကတည်းက ကိုယ်ပိုင် ပဉ္စင်းတက်ပေးနိုင်ဖို့ ခဲရသည်။ ပဉ္စင်းလောင်းဆိုတာ ပဋိသန္ဓေနေတဲ့ လရယ်၊ ဝါ ထပ်တဲ့ လတွေရယ် ပေါင်းယူရင်
ဆယ့်ကိုးနှစ်ပြည့်တာနဲ့ရဟန်းတတ်လို့ ရပြီဟု ကိုရင့် ဆရာတော်က မိန့်တော့ ဝမ်းသာ လိုက်ရတာလေ။ ကဆုန်ဆို ကိုရင်က ဆယ့်ကိုးနှစ်ပြည့်ပြီပဲ။
ထိုနှစ်မှာပင် ကိုရင်ကို ရွာသို့ ပင့်ကာ ရဟန်းခံပွဲ ကျင်းပဖြစ်သည်။ ရဟန်းခံပွဲကိုလည်း ကြည့်ပါဦး။ သိမ်ဝင်တာပင် ကုန်းသိမ်မဟုတ်၊
ဧရာဝတီမြစ်ထဲမှာ ရေသိမ် သမုတ်ကာ ကြီးကြီးကျယ်ကျယ်ကို ကျင်းပပေးခဲ့သည်။ ဒီကျေးဇူးတွေကို ဆင်ခြင်ပြီး ငဲ့ညှာတန်ကောင်းပါရဲ့။ ငဲ့ညှာ ပါဦးဘုရား...။
အဲသည်တုန်းက သိမ်ဆင်းလောင်းလှူသွားတဲ့ လူတွေကလည်း များမှများ၊ သိမ်ဆင်းရာ မြစ်ဆိပ်မှသည် ဝါးသုံးလေးရိုက်ခန့် ဝေးရာ ကျောင်းဝရဝဏ်ဝအထိ
သိမ်ကဆင်း နို့ဖိုးဆပ် တရားဦးဟောတော့ ဝမ်းသာလိုက်ရသည့် ဖြစ်ခြင်း။ မျက်ရည်များပင် လည်လို့။ သူ့ဒကာကြီးကို ကြည့်လိုက်တော့လည်း ပြုံးပြုံးပြုံးပြုံးနှင့်။
သာသနာ့ အမွေခံတွေ ဖြစ်ပဟဲ့... သာသနာ့ ဒါယကာတွေ ဖြစ်ပဟဲ့... ဟု ကြည်နူးအားရကြီး အားရကာ အပယ်တံခါးပိတ်၍ နိဗ္ဗာန်တံကား ဖွင့်နိုင်တော့မည်ဟု
သတ်မှတ်မိခဲ့သမျှ အင်း... ခုတော့...။

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ တပည့် တော်မကို ငဲ့ပါဦး ဘုရားဟု ဖမိုး နဖူးချ တောင်းပန်ရမည်။ အမေကို ချစ်တဲ့သားပဲ၊ ငဲ့ညှာမည်ထင်သည်။ အဲ ... မရလျှင်တော့ ...။
အင်း... သူ့တကာကြီးသာ ရှိရင် သူလည်း ခုလိုပဲ စိတ်ကောင်းနိုင်ရှာမှာ မဟုတ်ဘုး။ သူ စောစော ကွယ်လွန်သွားတာ ကောင်းတယ်လို့တောင် ပြောရမလိုပင်၊
တမြန်နှစ်ကပင် သူ့သား မောင်ပဉ္စင်းရဲ့ လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ရှာပြီ။ ဘဝကူး ကောင်းမှာပါ။ ရဟန်း ခမည်းတော်ကြီး အဖြစ်နှင့် အနိစ္စ ရောက်ခဲ့ရတာပဲလေ။
ဘတော်ပျံပေါ့။ ငါ့ အလှည့်ကျရင်သာ...။ မောင်ပဉ္စင်း၏ ရွတ်သံ၊ ဖတ်သံလေးနှင့် ဘဝကူး ဖို့ရာ မသေချာတော့ပြီ။ အမေလည်း အသက်ကြီးပါပြီ။
ဒီဘုရား အရေတော်နှင့် အရိုးမထုတ်နိုင်တောင် အမေ့ တစ်သက်တော့ မထွက်ပါနဲ့ဦးလို့ နောက်ဆုံး ပြောကြည့်ရ မည်။ နေပါဦး ထွက်မယ်ဆိုတာကတော့
ကျိန်းသေလို့လား ငါ့နှယ်... ငယ်ငယ်လေးကတည်းက သင်္ကန်းချည်ခဲ့တာ ပုဆိုးတောင် ကောင်းကောင်း ဝတ်တတ်တာ မဟုတ်ဘူး။ လူထွက်လို့ ဘာသွားလုပ်စားမှာလဲ။
အစစအရာရာ ကျပ်တည်းတဲ့ ကာလကြီးမှာ နတ်ပြည်ကနေ ငရဲကို ခုန်ဆင်းသလို ဖြစ်တော့မပေါ့။ အို... ဒါတွေ သူစဉ်းစားမိမှာပါ။ စာတတ် ပေတတ် ပုဂ္ဂိုလ်ပဲ၊
သွားပြောနေတာကမှ မိကျောင်းမင်း ရေခင်းပြ ဘုန်းကြီးစာချ ဖြစ်နေဦးမယ်။ ဒါတွေ တကယ် စဉ်းစားမိ လို့ကတော့ ထွက်ဖြစ်မယ် မထင်ဘူး။
ဟာ ... မစဉ်းစားမိလို့ ထွက်လည်း ထွက်ထွက် ဘာတတ်နိုင်မှာလဲ။ သင်း ထိုက်နှင့် သင်းကံပေါ့။ ကုသိုလ်ရဖို့ကတော့ သူမရှိလဲ တခြားကိုယ်တော်တွေ ကိုးကွယ်ယုံပေါ့။
စိတ်သည် ကရုဏာ ဒေါသောတလှည့် မုဒိတာ သောကတလှည့်နှင့် ရှိသည်။ အလုပ်ဝတရားတို့ဖြင့် တည်းနှောင်ထားပါလျက်က...ထွက်မှာတော့ မဟုတ်ပါဘူးလေ
“ကိစ္စများမြောင် လူတို့ဘောင်” တဲ့ မောင်ပဉ္စင်း ခဏခဏ ပြောနေတာပဲ။ ဒီဒုက္ခတွေ သူသိပါတယ်။ အဲ ဒုက္ခကို သုခထင်အောင် လုပ်နိုင်တဲ့ သူများ တွေ့ရင်တော့ မပြောတတ်ဘူး။
ဟုတ်တယ်။ မြို့သူ တစ်ယောက်နှင့်များ နီးစပ်နေရော့လား။ မြို့သူဆိုတာ တောက သူငယ်မလေးတွေထက်တော့ အစစအရာရာ သာတာကလား၊
နောက်ပြီး ဆတ်ကော့လတ်ကော့နှင့် ရဲတင်း လိုက်တာကလား။ အဲဒီလို သူငယ်မနှင့်များ ငြိစွန်းနေရင်ဟယ်... ဟုတ်မယ်မထင်ဘူး။
ဘုရား သိကြားမလို့ မဟုတ် ပါစေနဲ့တော် မဟုတ်ပါစေနဲ့။ ဟုတ်ချင် ဟုတ်နေမှာ ဟုတ်နေရင်တော့ ထန်း လည်ဆစ်ကျိုးတဲ့... အို ငါ့သားကြီး ဒီလောက် မမိုက်ပါဘူး။
မမိုက်ဘူး... မမိုက်ဘူး။ အင်း... မြို့လွှတ်လိုက်တဲ့ အကောင်ကလည်း ကြာလိုက်တာ၊ ဒီနေ့ရောက်ရက်ပဲ၊ တစ်ညပဲ အိပ်၊
မောင်ပဉ္စင်းနဲ့ တွေ့ပြုပြီး ချက်ချင်း ပြန်လှည့်ခဲ့ဆိုတာ...။ တကတည်းတော် စူဠလိပ် ရေထဲလွှတ်သလို ဖြစ်နေပြီ။ မွန်းတိမ်းစမှာပင် မြစ်ဆိပ်ဆီမှ ပြည်ကူးတို့
သင်္ဘော၏ ဥဩဆွဲသံကို ကြားရပြီ။ ထလိုက် ထိုင်လိုက်။ မြစ်ဆီမျှော်လိုက် ငေးလိုက်နှင့် စိတ်စောလှသည်။ မကြာပါ။
“ဟော... အမေ ဟိုမှာ အမေ့သား ငကျော် ပြန် လာပြီ”သားကြီး သတင်းပေးသံ မဆုံးမီ - “အမေရေ ကျွန်တော် ပြန်လာပြီ၊ အမေ့သား ကိုယ်တော်နှင့် တွေ့ခဲ့ပါ့ဗျာ၊
ဒီနှစ် စာမေးပွဲပြီးရင် ချင်းပြည်နယ် သာသနာပြုကြွရမှာတဲ့။ မကြွခင် အမေ့ဆီ လာခဲ့ဦးမယ်တဲ့။ ဟောဒီမှာ အမေ့ဖို့ လူပျံတော်ပတမြား သွေးဆေးနဲ့စာ...
” ဆေးဘူးတွေကို မကိုင်မိ၊ စာဆီသို့ လက်လှမ်းမိသည်။ စာရွက်ခေါက်ကလေးတွေကို ထုတ်ဖြေလိုက်တော့...။
အသက်ကြီးလာလို့နဲ့ တူပါရဲ့။ လက်တွေက တုန်ချင်နေပြီ။ စာရွက်လေးတွေကို တဖျပ်ဖျပ်နဲ့...။


တက္ကသိုလ်စာသင်သား
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Tuesday 12 July 2011

သံဃာတော်များ အချောင်စားချင်လို့ ရဟန်းဝတ်ကြတာလား အပိုင်း( ၂)

စာရေးသူ ယခုတင်ပြသွားမည့် စာသားလေးကတော့ ကိုမင်းသူ ဝေဖန်ချက်ပေးပြီး မေးထားတဲ့ အကြောင်းက သံဃာတော်များ အချောင်စားချင်လို့ ရဟန်းဝတ်ကြတာလား ဆိုတဲ့ ထင်မြင်ချက်ကို ရှုထောင့်မျိုးစုံနဲ့ဖြေရှင်းရင်း ရေးသားသွားမှာဖြစ်ပါတယ်.............

ကိုမင်းသူ ဝေဖန်ချက်

လေးသင်္ချေ ကမ္ဘာ တသိန်း မှာတောင် ကိုး ဘဝ ပဲ ရဟန်း ဖြစ်ခဲ့တာ ဆိုတော့ ရဟန်းဘဝရ ဖို့ အလွန် ခဲရင်းနေ ကြတာကို သိရပါပြီ။
တပည့်တော်က မြန်မာပြည်က ၄သိန်းလောက် ရှိတဲ့ ရဟန်းတော်တွေထဲက တော်တော်များများကို အထင်မကြီး ခဲ့ဘူး။ တပည့်တော် လေ့လာမိသလောက် ဆင်းရဲသား အများစု (တနည်းအားဖြင့် နိမ့်ကျသော လူတန်းစား)တွေ ရဲ့ သားသမီးတွေ ကို, အစိုးရကျောင်း မထားနိုင်တဲ့ လူတွေက ဘုန်းကြီးကျောင်းတွေ ပို့ရာကနေ သူတို့ဟာ အ များက ရှစ်ခိုးခံရတဲ့ ရဟန်းဘဝ ကို ရောက်လာတယ်လို့ပဲ ယုံကြည်ထားတာပါ။

ဒီကြားထဲမှာ ဘုန်းကြီးဖြစ်ပြီး လောကီစီးပွါးရေးတွေ ကို ခိုးလုပ်နေတဲ့ ရဟန်းတွေကလည်း အများကြီးတွေ့ ရ တော့ ကွန်မြူနစ်တွေ ပြောတဲ့, အလုပ်လုပ်စားရမှာပြင်းလို့ဘုန်းကြီးဝတ်တယ်ဆိုတာကိုတောင် တခါတခါ ယုံ ကြည်မိတယ်။ ရဟန်းတော်တွေ စောင့်ထိမ်းရမဲ့ ၂၂၇ သွယ်သော သီလ , ငါတို့မစောင့်ထိမ်းနိုင်သောအကျင့်တွေ ကိုသူတို့လုပ်နေကြတာပါလို့ အကောင်းမြင်ဝါဒ ပြန်သုံး ပြီး မိမိ ကိုယ် မိမိ ဆုံးမကြည့်ပါတယ်။

မရပါဘူး, စိတ်ထဲမှာ ဒီဘုန်းကြီးတွေရဲ့သီလ ဆိုတာ လူတွေက သူတို့ကို လှူအောင် ပြောတာနေမှာပါ တကယ် မဟုတ်နိုင်ပါဘူးလို့ စိတ်ထဲမှာ မယုံကြည်တဲ့စိတ်ပဲ လွမ်းမိုးသွားပါတယ်။ အဲဒီတော့ ဘုန်းကြီးတွေ အပေါ်မှာ (ရိုးရာအစဉ်အလာအရ ယဉ်ကျေးသူဟု သတ်မှတ်ခံချင်လို့မဟုပ်ပဲ) တကယ်အကောင်းမြင်နိုင်အောင် ဘယ်လိုလုပ်ရပါသလဲဘုရား ?
မင်းသူ


စရေးသူ၏ ဖြေရှင်းချက် အတွဲ ၂

အထက်ပါဝေဖန်ချက်နဲ့မေးထားတာကတော့ ကိုမင်သူ လို့ သိရပါတယ်၊ နာမည်အရင်းဟုတ်မဟုတ်ကိုတော့ ဃဃ နန မသိပါဘူး။
ဒီလိုဝေဖန်ချက်နဲ့ မေးတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခုလိုအမြင်မရှင်းသူတွေဟာ ခေတ်က တိုးတက်တာလာနဲ့ အမျှ ပိုပိုများလာတာကိုစာရေးသူ မကြာခဏ ဆိုသလို တွေ့နေရပါတယ်၊ ဒီလိုမေးခွန်းမျိုး ဖြေပေးချင်နေတာကြာပါပီ၊ ဒါပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ ဖြေပေးခွင့်မကြုံခဲ့ပါဘူး။ ခုတော့ ဖြေဘို့ ခွင့်သင့်လာတော့ ရှင်းပြခွင့်ရလာတော့ ကိုမင်းသူကို အရမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

ကဲ....ကိုမင်းသူရေ...........စာရေးသူအနေနဲ့ ..ဒုတိယပိုင်း ဖြေရှင်းချင်တာကတော့

သာသနာတော်က လူ့အဆင့်အတန်းကို စည်းစိမ်ဥစ္စာနဲ့ တိုင်းတာတာမဟုတ်ဘူး။ ကိုယ်ကျင့်တရားနဲ့တိုင်းတာထားတာ။ တနည်းပြောရရင် ဗုဒ္ဓဘာသာဟာ လူ့အဆင့်အတန်းကို တိုင်းတာရာမှာ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုနဲ့ တိုင်းတာတာမဟုတ်။ စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုနဲ့ တိုင်းတာတာ။ ရဟန်းတော် အများစုဟာ စည်းစိမ်ရှင်တွေမဟုတ်ကြပေမယ့် စည်းစိမ်ထက်သာလွန်တဲ့ ရေ့ရှည် ကောင်းကျိုး ငြိမ်းချမ်းမှုဖြစ်စေတဲ့ အကျင့်ကို ကျင့်နေကြတယ်။ ဒါကြောင့် လူတွေက ကိုးကွယ်တာ။ ရှိခိုးတာ။ ပစ္စည်းချမ်းသာလို့ ကိုးကွယ်ခံ၇တာ မဟုတ်ဘူး။ ပစ္စည်းချမ်းသာမှ ကိုးကွယ်ရမယ် အထင်ကြီးမယ်ဆိုရင် မတရား ဝိသမလောဘနဲ့ ဥပမာ ကိုမင်းသူရဲ့ အမေ အမ နှမ တွေကို ချမ်းသာတဲ့ သူတွေက မုဒိမ်းကျင့် မယ်ဆိုရင် အဲ့ဒီချမ်းသာသောသူများကို ကိုမင်းသူအနေနဲ့ အထင်ကြီးမှာလား ၊ လေးစားမှာလား ၊အ၇ိုအသေပေးပီး ကန်တော့မှာလား ကိုးကွယ်မှာလား ချမ်းသာတဲ့ အသိုင်းဝိုင်းက ဆင်းသက်လာမှ ကိုးကွယ်မှာဆိုရင် သူတစ်ပါးကို ဂုတ်သွေးစုပ် နေကြတဲ့ အာဏာရှင်တွေ သူဌေးတွေကို ကိုးကွယ်ရမှာပေါ့။ အဖြေက နည်နည်း ကြမ်းသွားရင် ဆောရီးပါ။ မေးသူက ထင်ရာမေးပြီး ဖြေသူက နည်းမှန်လမ်းမှန်နဲ့ ဖြေတဲ့အခါ ကောင်းကောင်းသဘောမပေါဘူးဆိုတော့ ကြမ်းတမ်းသော နည်းနဲ့ ဖြေမှ သဘောပေါက်မယ်လို့ထင်လို့ ပါ။

ကိုမင်းသူက သာသနာတော်ရဲ့ စည်းကမ်းတွေကို ဘာမှနားမလည်တဲ့အပြင် သာသနာတော်ကိုလည်း ဘာမှနားမလည်ဘူးလို့ စာရေးသူပြောချင်ပါတယ် ၊ ကိုမင်းသူ ကိုယ်တိုင်ကလဲ အသိဥာဏ်ဘယ်အဆင့်မှာ ရှိတယ်ဆိုတာလဲ ကိုယ့်ကိုကို မသိဘူး ။
သိအောင်လဲ နည်းမှန်လမ်းမှန်မကြိုးစားပဲ တလွဲအထင်ရောက်နေပီး ဥစ္စာရှင်တွေ ရဟန်းဝတ်မှ ကိုးကွယ်ချင်တဲ့ သဘောဖြစ်နေတယ်
ဥစ္စရှင်တွေ ရဟန်းဝတ်ပီး အကျင့်မကောင်းရင်လဲ သာသနာတော် ဘာမှ အကျိုးမရှိဘူး။ ကိုမင်းသူကို မေးချင်ပါတယ် ကိုမင်းသူရဲ့ အိမ်၊ ဒါမဟုတ် ကိုမင်းသူရဲ့ ဆွေမျိုးတစ်အိမ်အိမ်ရဲ့ မိသားစုကိုကြည့် အကျင့်ကောင်းတဲ့သူ အကုန်ပါလား သူတစ်ပါးကို အကောင်းမြင်စိတ်နဲ့ မြင်တတ်သူတွေ ၊ သူတစ်ပါးကို ကူညီတတ်တဲ့စိတ်ထားရှိသူတွေ ဘယ်နှစ်ယောက်ပါလဲ ၊ ပါတဲ့သူရှိသလို မပါတဲံ့သူလဲ၇ှိမယ်။ အကျင့်ကောင်းသူ ပါသလို မကောင်းသူလဲ ပါမယ်။ အဲလိုတွေ မကောင်းတဲ့သူတွေပါနေရင် မိသားစုတစ်စုထဲမှာ ဘာမှအကျိုးမရှိသူ၊ သူများလေးစားမခံထိုက်သူပဲ။ ကောင်းတဲ့စိတ်ရှိသူပါနေရင် သူတို့ဟာ မိသားစုတစ် စုထဲမှာ မိသားစုအတွက် လူသားအားလုံးတွက် အကျိုးများသူ၊ သူများလေးစားခံထိုက်သူပါပဲ။

သာသာနာမှာလဲ ဒီတိုင်းပဲ အကျင့်ပိုင်းကို လိုက်နာသော ရဟန်းတော်တွေ အများပြားရှိသလို မလိုက်နာသော ရဟန်းတုတွေလဲ ရှိကြတာပဲ။ သာသနာက အကျင့်ပိုင်းနဲ့တိုင်းတာတာဆိုတော့ အကျင့်ပိုင်းကိုလိုက်နာသော ရဟန်းတွေဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လေးစားထိုက်တယ်။ အကျင့်ပိုင်းကို မလိုက်နာသော ရဟန်းတွေကို ဆင်းရဲဆင်းရဲ ချမ်းသာ ချမ်းသာ
သူတကာက မလေးစားထိုက်ဘူး။ ကိုမင်းသူအနေနဲ့ ဒီလိုအမြင်မျိုး လူလောကရော ၊သာသနာလောကရော မျှမျှတတ
မြင်တတ်အောင် အသိဥာဏ်ရှိအောင် စာတွေဖတ်ပါအုံး ၊ကြိုးစားပါအုံးလို့စာရေးသူအကြံပြုပါတယ်။ပညာဥာဏ်၊ စာပေဗဟုသုတ ရှိလာတဲ့အခါ လူ့လောကထဲမှာရော ၊ သာသနာလောကထဲမှာရော မျှမျှတတ မြင်တတ်သွားပီဆိုရင် ကိုမင်းသူမေးတဲ့ တကယ်အကောင်း မြင်နိုင်အောင် ဘယ်လိုလုပ်ရပါသလဲဘုရား ? ဆိုတာကို အလိုလိုနားလည်သွားမှာပါရဟန်းတွေဟာ သီလ သမာဓိ ပညာ ကိုရအောင်ကြိုးစားနေကြတာဖြစ်ပီး အဲဒီဂုဏ်တွေကြောင့် ရှိခိုးခံထိုက်တာဖြစ်တယ်လို့မြင်တတ်ပါစေလို့လဲ ဖြေကြားရင်း ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ပါစေ.
တက္ကသိုလ်စာသင်သား

Thursday 7 July 2011

သံဃာတော်များ ဒါယကာတို့ အရင်ပင့်ဖိတ်အပ်သော အလှူရှိပါလျက် တပါးသော ဒါယကာတို့ဆွမ်းကို လက်ခံဘုန်းပေးလို့ ဒါယကာများက ကဲ့ရဲ့ကြသည့်အခါ ဘယ်သူများ အပြစ်ဖြစ်ပါသလဲ

စာရေးသူ ယခုတင်ပြသွားမည့် စာသားလေးကတော့ ကိုနိုင်လေး (မလေးရှား)မှ ဝေဖန်ချက်ပေးပြီး မေးထားတဲ့ အကြောင်းက
သံဃာတော်များ ဒါယကာတို့ အရင်ပင့်ဖိတ်အပ်သော အလှူရှိပါလျက် တပါးသော ဒါယကာတို့ဆွမ်းကို လက်ခံဘုန်းပေးလို့
ဒါယကာများက ကဲ့ရဲ့ကြသည့်အခါ ဘယ်သူများ အပြစ်ဖြစ်ပါသလဲ ဆိုတဲ့ ထင်မြင်ချက်ကို ရှုထောင့်မျိုးစုံနဲ့ဖြေရှင်းရင်း ရေးသားသွားမှာဖြစ်ပါတယ်.............

ကိုနိုင်လေး (မလေး)၏ ဝေဖန် မေးမြန်းချက်

၁။ သူတစ်ပါး မကောင်းကြောင်း မပြောပါနဲ့
၂။ သူတစ်ပါးကောင်းကြောင်းကိုသာ ပြောပါ
၃။ မိမိကောင်းကြောင်း မပြောပါနဲ့
၎။ မိမိမကောင်းကြောင်းကို လိုအပ်လာရင် ရဲရဲဝံ့ဝံ့ ပြောပါ......မှတ်သားမိပါတယ်ဘုရား.....

စာရေးသူဟာရဟန်းသံဃာတစ်ပါးလို့ တပည့် တော်သိရှိရပါတယ်ဘုရား....တပည့် တော်ရင်ထဲဖြစ်တည်နေသော(တပည့် တော်သူငယ်ချင်းများကိုပြောပြခဲ့သော)စကားကိုအမှားအမှန်ဝေဖန်ပိုင်းခြားပေးပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား.....တပည့် တော်နှင့်သူငယ်ချင်းတစ်စုသည်အကြောင်းအမျိုးမျိုးကြောင့်
မလေးရှားနိုင်ငံဂျိုဟိုးဘာရူးမြို့ သို့ ရောက်ရှိနေပါတယ်ဘုရား...။တပည့် တော်နှင့်သူငယ်ချင်းများသည်၂၀၀၉ခုနှစ်ဝါဆိုလတွင်ဝါဆိုသင်္ကန်းကပ်လှူပူဇော်ရန်နှင့်
နေ့ ဆွမ်းဆပ်ကပ်လှူဒါန်းရန်အတွက်ဂျိုဟိုးမြို့ ရှိဆရာတော်တပါးထံသို့ ၁၄ရက်အလိုတွင်လျှောက်ထားခဲ့ပါတယ်ဘုရား......ထိုအချိန်တွင်သံဃာတော်နည်းသောကြောင့်
(အလှူအထမမြောက်မည်စိုးရိမ်စိတ်ကြောင့်)ကြိုတင်လျှောက်ထားခဲ့ခြင်းဖြစ်ပါ တယ်ဘုရား......၇ရက်လောက်အလိုတွင်ဆရာတော်မှအာရုံဆွမ်းကပ်ရန်မိန့် တော်မူသောကြောင့်
တပည့် တော်တို့ အလှူအချိန်ကိုပြောင်းလဲခဲ့ပါတယ်ဘုရား.......၃ရက်လောက်အလိုတွင်..မနက်၈နာရီတွင်ကပ်ရန်ပြောင်းလဲမိန့် တော်မူပြန်ပါတယ်ဘုရား..(တပည့်် တော်တို့ လျှောက်ထားသောရက်အချိန်တွင်တခြားအလှူရှင်မရှိသေးပါဘုရား...)တပည့် တော်တို့ သိရသည်မှာကြိုတင်လျှောက်ခဲ့သောနေ့ ဆွမ်းနေရာတွင်စက်ရုံတရှုံ(လူအင်အား၂၀၀လောက်)မှအစားထိုးကပ်လှူမည်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်ဘုရား.......တပည်တော်နှင့်သူငယ်ချင်းများစိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဘုရား...အချိန်အပြောင်းအလဲထပ်ဖြစ်လျှင်သော်၎င်း.
.ရည်မှန်းထားသောအလှူအထမမြောက်မည်ကိုစိုးရိမ်သောကြောင့်တပည့် တော်တို့ သည်၁ရက်အလိုတွင်ကီလိုမီတာ၆၀၀ကျော်လောက်ဝေးသောပီနန်မြို့ မှဆရာတော်ကိုပင့်ဖိတ်သောအခါ
အလှူအထမြောက်ပြီးနေ့ ဆွမ်းအလှူကိုဝမ်းမြောက်ဝမ်းသာကပ်လှူခွင့်ရခဲ့ပါတယ်ဘုရား....ဆရာတော်မှပရိတ်တရားတော်ဟောကြားပေးခဲ့ ပါတယ်ဘုရား...
.တပည့် တော်နှင့်သူငယ်ချင်းများသည်ဂျိုဟိုးမှ(ဘွဲ့ အမည်မဖော်ပြလို)ဆရာတော်အပေါ်လာဘ်လာဘကြောင့်ဆိုပြီးပြောဆိုမိခဲ့ကြပါတယ်ဘုရား....။

တပည့် တော်တို့ ပြောဆိုမှုကိုအမှားအမှန်ပိုင်းခြားပေးပါရန်လေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား.....။
မှားသည်ဟုဆုံးဖြတ်တော်မူပါလျှင်မည်ကဲ့ သို့ အပြစ်ကင်းအောင်ပြုလုပ်ရမည်ဆိုတာကိုမိန့် ကြားပေးပါရန်လေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား......။
ကိုနိုင်လေး။။။။။

စာရေးသူ၏ ဖြေဆိုချက်

အင်း .....ဒကာတော် မေးထားတဲ့ မေးခွန်းကို စာရေးသူအနေနဲ့ သာသနာဘက်က ရပ်တည်ပြီး သာသနာကို ချစ်တဲ့စိတ်ကို ရှေ့ထားပြီး ဖြေပေးပါ့မယ်။
ဒကာတော်ရဲ့ ဆိုလိုချက်က သံဃာများဟာ ဆင်းရဲသည့်ဒကာဖြစ်စေ ၊ ချမ်းသာသည့် ဒကာဖြစ်စေ ဆွမ်းကပ်ရန် အရင်ပင့်ဖိတ်ထားသော ဒကာတွေရဲ့ ဆွမ်းကိုကြဉ်ထားပြီး
တပါးသော ဒကာတွေရဲ့ နောက်မှ ပင့်ဖိတ်လာသော ဆွမ်းကို လက်ခံဘုန်းပေးတယ်။ ဒါကြောင့် အရင်ဖိတ်ထားတဲ့ဒကာတွေက စေတနာ သဒ္ဓါတရားနည်းသွားပြီး
ယင်းသံဃာတော်များကို ကဲ့ရဲ့မိကြတဲ့အခါ ဒကာတော်များ အပြစ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းပါပဲ။

ရဟန်းသံဃာတော်များအတွက် မြတ်စွာဘုရားရှင် ပညတ်တော်မူထားသော ၀ိနည်းစည်းကမ်း ဥပဒေဖြစ်သော
( ၀ိနည်းပါဠိတော် ဘောဇန၀ဂ်၊ပရမ္ပရဘောဇနသိက္ခာပုဒ်၊ ပရမ္ပရဘောဇနေ အညတတြ သမယာ ပါစိတ္တိယံ) ပါဠိတော်အရ
ရဟန်းတော်များဟာ ဆင်းရဲ ချမ်းသာမရွေး အရင်ပင့်ဖိတ်ထားသော ဆွမ်းမှတပါး တပါးသော ဒကာတွေရဲ့ ဆွမ်းကို ခံယူသုံးဆောင်ပါက ဒကာတွေများ စေတနာ သဒ္ဓါတရား
နည်းသွားအောင် ပြုလုပ်တာဖြစ်တဲ့အတွက် ရဟန်းတော်များသာ အပြစ်ဖြစ်(အာပတ်သင်)၍ ဒကာများ အပြစ်ဖြစ်တယ်လို့မြတ်စွာဘုရား ဟောကြားထားသည်ကို မတွေ့ရပါ။
အပြစ်မရှိပါ ဟု ဆိုလိုချင်ပါသည်။ ကိုယ်စိတ်ထဲမှာ အပြစ်ရှိလား မရှိဘူးလား ဆိုတဲ့ သံသယ ဖြစ်နေရင် တစ်ချိန်မှာ မိမိကတရားအားထုတ်တဲ့အခါ ယင်းသံသယကား
ပြန်ပေါ်လာပြီး တရားမတက်ဘဲဖြစ်နေတတ်ပါတယ်။ သံသယဖြစ်နေရင် ယင်းသံသယမှ ကင်းပျောက်သွားအောင် တောင်းပန်လိုက်ရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့
တရားအားထုတ်တဲ့အချိန်မှာ သံသယကင်းနေရင် တရားတက်မှာ ဖြစ်လို့ပါဘဲ။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဇာတ်တော်သာဓကနှင့် အကျယ်ရှင်းပြပါ့မယ်။
မြတ်စွာဘုရားရှင် ဝေသာလီပြည် ၊ မဟာဝုန်တော၊ ပြသာဒ်ဆောင်ပေါက်သော ကျောင်းမှာ သီတင်းသုးံနေစဉ် ဆင်းရဲသားတစ်ယောက်က
( အကြင်အမှတ်ဖြင့် လူအပေါင်းသည် ဆွမ်းကို ၇ိုသေစွာ ပြုပြင်ကုန်၏။ ထိုအမှတ်ဖြင့် ဆွမ်းကို ၇ိုသေစွာပြုပြင်ခြင်းသည် မယုတ်သည်ဖြစ်လတ္တံ့
ငါသည်လည်း ဆွမ်းကို ပြုပြင်ရမူ ကောင်းလေရာ၏။ ဟုအကြံဖြစ်၏။ထိုအခါ ဆင်းရဲသားသည် ကိရပတိက ထံ ချဉ်းကပ်ပြီး( အရှင့်သား အကျွန်ုပ်အား ဘုရားအမှူးရှိသော
သံဃာတွေကို ဆွမ်းကပ်လိုသည့်အတွက် ရိက္ခာကိုပေးပါလော) တောင်းသောအခါ ကိရပတိကသည် သဒ္ဓါများစွာရှိပြီး ကြည်ညိုသူဖြစ်သောကြောင့် ရိက္ခာများစွာကို ထုတ်ပေး၏။
ဆင်းရဲသားသည် မြတ်စွာဘုရားထံသွားပြီး ၊ အပြစ်ခြောက်ပါး ( မြင့်သော၊ နိမ့်လွန်းသော ၊ နီးလွန်းသော၊ ဝေးလွန်းသော ၊ ရှေ့တည့်တည့်ဖြစ်သော၊ လေဆန်ဖြစ်သောအရပ်များ)
ကင်းသည့်နေရာတွင် ထိုင်လျက် ဆွမ်းဘုန်းပေးရန် ပင့်ဖိတ်၏။ ဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းအားဖြင့် လက်ခံတော်မူ၏။ ဆင်းရဲသားသည် ခဲဘွယ်ဘောဇဉ်တို့ကို
ပြင်ဆင်ပြီးသော ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဘုန်းပေးရန် အချိန်တန်ပါပြီဟု ပင့်ဖိတ်၍ ဆွမ်းကပ်၏။ လူအများက ဆင်းရဲသား ဆွမ်းကပ်သည်ကို
သိ၍ ၀ိုင်းဝန်းအလှူအတန်းကို ပြုလုပ်ကြ၏။ ဆင်းရဲသား ဆွမ်းလုပ်ကျွေးစဉ် ရဟန်းတော်များသည် ( ဒါယကာ အနည်းငယ်သာ လှူလော့၊ အနည်းငယ်သာလှူလော့) မိန့်ကြားတော်မှုကြ၏။
ထိုအခါ လူအများက အရှင်ဘုရားတို့ ဆွမ်းလှူရှင်သည် ဆင်းရဲသားဖြစ်သောကြောင့် အနည်းငယ် အနည်းငယ်သာ မခံယူကြပါကုန်လင့်၊ များစွာသော ခဲဘွယ်တို့ကို စီစဉ်ထားသောကြောင့်
ခံယူပြီး အလိုရှိတိုင်း သုံးဆောင်တော်မူပါဟု လျောက်ထားကြ၏။ ထိုအခါ ရဟန်းတော်များက ဒါယကာ ငါတို့သည် နံက်စောစောကပင် ဆွမ်းခံ၍ သုံးဆောင်ခဲ့သောကြောင့် နည်းနည်းသာ
ခံယူကုန်၏ ဟု မိန့်တော်မူ၏။ ထိုအခါ အလုပ်သမား ဆင်းရဲသားသည် ( အဘယ်ကြောင့် အရှင်ကောင်းတို့သည် ငါသည် ပင့်ဖိတ်ထားပါလျှက် တပါးသော အရပ်၌ သုံးဆောင်ကုန်ဘိသနည်း၊
ငါသည် အလိုရှိတိုင်း ပေးလှူခြင်းငှာဆွမ်းနိုင်သည် မဟုတ်ပါလော) ဟု ကဲ့ရဲ့ အပြစ်ပြောကြ၏။ ဒါယကာတို့၏ ကဲ့ရဲ့သံကို အလိုနည်းသော ရဟန်းတို့ ကြားသောအခါ ဘုရားထံ လျောက်ထားကြ၏။
ဘုရားရှင်သည် ရဟန်းတို့ ယခု စကားသည် မှန်၏လောဟု မေးတော်မူ၏။ မှန်ပါ၏ မြတ်စွာဘုရားဟု လျောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့ ..............................
ယခုအမှုသည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေချင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော ဒါယကာတို့ ပိုကြည်ညိုစေချင်းငှာလည်းကောင်း သိက္ခာပုဒ်တော်ကို
ငါဘုရားပညတ်တော်မူ၏ဟု မိန့်တော်မူ၏။ ပရမ္ပရဘောဇဉ် ( ပင့်ဖိတ်ထားသော ဒါယကာ၏ ဘောဇဉ်မှ တပါး အခြားပင့်ဖိတ်လာသော ဒါယကာ၏ ဘောဇဉ်)ကို စားခြင်းကြောင့်
ပါစိတ်အာပတ်သင့်စေဟု ပညတ်တော်မူပါသည်။
ထို့အပြင် ... မြတ်စွာဘုရားသည် နားဖျားသောအခါ ၊ သင်္ကန်းလှူသောခါ ၊ သင်္ကန်းချုပ်သော အခါတို့၌ ပင့်ဖိတ်ထားသောဆွမ်းမှတပါး တပါးသော ပင့်ဖိတ်လာသော
ပရမ္ပရဘောဇဉ်ကို သုံးဆောင်ကောင်း၏ ဟု ခွင့်ပြုထားပါသေးသည်။ တဖန် မြတ်စွာဘုရားသည် တစ်ခုသော နံနက်ချိန်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်ကို ယူဆောင်လျက်
အရှင်အာနန္ဒာနှင့်အတူ တစ်ဦးသော ဒါယကာအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာမှာထိုင်တော်မူ၏။ ထိုအခါ လူတို့သည် မြတ်စွာဘုရားရှင်နှင့် အရှင်အာနန္ဒာ အား ဆွမ်းကပ်၏။
အရှင်အာနန္ဒာသည် အလှူမခံ၊ ဘုရားရှင်က အာနန္ဒာ အလှူခံလိုက်ပါဟု မိန့်တော်မူသောအခါ မြတ်စွာဘုရား တန်ပါပြီး တပည့်တော် ဆွမ်းကို ရဘို့ရန်ရှိပါသည်ဟု လျောက်ထား၏။
သို့ဖြစ်လျှင် ၀ိကပ္ပနာပြု၍ အလှူခံယူ ကောင်း၏ ဟုမိန့်တော်မူပါသည်။ မည်သည့်ရဟန်းမဆို ၀ိကပ္ပနာပြု၍ ပရမ္ပရဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏ ဟုမိန့်တော်မူထားပါသည်။

ဝိကပ္ပနာပြုပုံ
( ငါ ယခု ရသော ဆွမ်းကို တစ်ပါးသော အဘယ်မည်သော ရဟန်းအား လှူပါ၏) ဟု ပြုလုပ်ပြီး အလှူခံရပါမည်။

အချိန်အခါ သုံးမျိုးဟူသည်...............

၁။ နာဖျားသောအခါ ....နေရာတစ်ခုတည်း၌ နေလျှက် အလိုရှိတိုင်း သုံးဆောင်စားသောက်ခြင်းငှာ မစွမ်းနိုင်အံ့။ နာဖျားသောအခါ ဟူ၍ သုံးဆောင်ကောင်း၏။
၂။ သင်္ကန်းလှူသောအခါ.....ကထိန်မခင်းသော်...မိုးဥတု၏ နောက်ဆုံးလတိုင်အောင်၊ ကထိန်ခင်းသော် ငါးလ တိုင်အောင်သင်္ကန်းလှူသောအခါဟူ၍ သုံးဆောင်ကောင်း၏။
၃။ သင်္ကန်းချုပ်သောအခါ .....သင်္ကန်းချုပ်သော် သင်္ကန်းချုပ်သော အခါဟူ၍ သုံးဆောင်ကောင်း၏။

ယင်း အခါသုံးမျိုးမှတစ်ပါး ဘောဇဉ်ကို ခံယူသော် ဒုက္ကဋ်၊ ခံယူပြီးဘုန်းပေးသော် စားတိုင်းစားတိုင်း ပါစိတ်အပြစ် (အာပတ်) သင့်၏။
အခါသုံးမျိုးကိုကြဉ်၍ ပရမ္ပရဘောဇဉ်ကို ပရမ္ပရဘောဇဉ် ဟု အမှတ်ဖြင့်သုံးဆောင်အံ့ ပါစိတ်အာပတ်သင့်၏။
ပရမ္ပရဘောဇဉ်ကို ယုံမှားခြင်းရှိသည်ဖြစ်၍ သုံးဆောင်အံ့ ပါစိတ်အာပတ်။
ပရမ္ပရဘောဇဉ်ကို ပရမ္ပရဘောဇဉ်မဟုတ်ဟု သုံးဆောင်အံ့ ပါစိတ်အာပတ်သင့်၏။
ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ပရမ္ပရဘောဇဉ်ဟု အမှတ်ရှိအံ့ ၊ ဒုက္ကဋ်၊
ပရမ္ပရဘောဇဉ်မဟုတ်ရာ၌ ယုံမှားခြင်းရှိအံ့၊ ဒုက္ကဋ်။
ပရမ္ပရဘောဇဉ်မဟုတ်ရာ၌ ပရမ္ပရဘောဇဉ်မဟုတ်ဟု အမှတ်ရှိပြီး သုံးဆောင်းမယ်ဆိုရင် အာပတ် မသင့်ပါဟု
ဝိနည်း ပါစိတ္တိယပါဠိတော် ဘောဇန၀ဂ်၊ပရမ္ပရဘောဇနသိက္ခာပုဒ် အဖွင့်ကို ထောက်လျက် စာရေးသူ အဖြေပေးလိုက်ပါသည်။

မှန်ကန်သော ဓမ္မပန်းကို ထာဝရ ဆင်းမြန်းနိုင်ကြပါစေ. ........
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/
................တက္ကသိုလ်စာသင်သား

Wednesday 6 July 2011

သံဃာတော်များ အချောင်စားချင်လို့ ရဟန်းဝတ်နေကြတာလား

စာရေးသူ ယခုတင်ပြသွားမည့် စာသားလေးကတော့ ကိုမင်းသူ ဝေဖန်ချက်ပေးပြီး မေးထားတဲ့ အကြောင်းက သံဃာတော်များ အချောင်စားချင်လို့
ရဟန်းဝတ်ကြတာလား ဆိုတဲ့ ထင်မြင်ချက်ကို ရှုထောင့်မျိုးစုံနဲ့ဖြေရှင်းရင်း ရေးသားသွားမှာဖြစ်ပါတယ်.............

ကိုမင်းသူ၏ ဝေဖန်ချက်

လေးသင်္ချေ ကမ္ဘာ တသိန်း မှာတောင် ကိုး ဘဝ ပဲ ရဟန်း ဖြစ်ခဲ့တာ ဆိုတော့ ရဟန်းဘဝရ ဖို့ အလွန် ခဲရင်းနေ ကြတာကို သိရပါပြီ။
တပည့်တော်က မြန်မာပြည်က ၄သိန်းလောက် ရှိတဲ့ ရဟန်းတော်တွေထဲက တော်တော်များများကို အထင်မကြီး ခဲ့ဘူး။ တပည့်တော် လေ့လာမိသလောက်
ဆင်းရဲသား အများစု (တနည်းအားဖြင့် နိမ့်ကျသော လူတန်းစား)တွေ ရဲ့ သားသမီးတွေ ကို, အစိုးရကျောင်း မထားနိုင်တဲ့ လူတွေက ဘုန်းကြီးကျောင်းတွေ
ပို့ရာကနေ သူတို့ဟာ အ များက ရှစ်ခိုးခံရတဲ့ ရဟန်းဘဝ ကို ရောက်လာတယ်လို့ပဲ ယုံကြည်ထားတာပါ။

ဒီကြားထဲမှာ ဘုန်းကြီးဖြစ်ပြီး လောကီစီးပွါးရေးတွေ ကို ခိုးလုပ်နေတဲ့ ရဟန်းတွေကလည်း အများကြီးတွေ့ ရ တော့ ကွန်မြူနစ်တွေ ပြောတဲ့, အလုပ်လုပ်စားရမှာပြင်းလို့
ဘုန်းကြီးဝတ်တယ်ဆိုတာကိုတောင် တခါတခါ ယုံ ကြည်မိတယ်။ ရဟန်းတော်တွေ စောင့်ထိမ်းရမဲ့ ၂၂၇ သွယ်သော သီလ , ငါတို့မစောင့်ထိမ်းနိုင်သော
အကျင့်တွေ ကိုသူတို့လုပ်နေကြတာပါလို့ အကောင်းမြင်ဝါဒ ပြန်သုံး ပြီး မိမိ ကိုယ် မိမိ ဆုံးမကြည့်ပါတယ်။

မရပါဘူး, စိတ်ထဲမှာ ဒီဘုန်းကြီးတွေရဲ့သီလ ဆိုတာ လူတွေက သူတို့ကို လှူအောင် ပြောတာနေမှာပါ တကယ် မဟုတ်နိုင်ပါဘူးလို့ စိတ်ထဲမှာ မယုံကြည်တဲ့စိတ်ပဲ
လွမ်းမိုးသွားပါတယ်။
အဲဒီတော့ ဘုန်းကြီးတွေ အပေါ်မှာ (ရိုးရာအစဉ်အလာအရ ယဉ်ကျေးသူဟု သတ်မှတ်ခံချင်လို့မဟုပ်ပဲ) တကယ်အကောင်းမြင်နိုင်အောင် ဘယ်လိုလုပ်ရပါသလဲဘုရား ?
မင်းသူ

စာရေးသူ၏ ဖြေရှင်းချက်

အထက်ပါဝေဖန်ချက်နဲ့မေးထားတာကတော့ ကိုမင်သူ လို့ သိရပါတယ်၊ နာမည်အရင်းဟုတ်မဟုတ်ကိုတော့ ဃဃ နန မသိပါဘူး။
ဒီလိုဝေဖန်ချက်နဲ့ မေးတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခုလိုအမြင်မရှင်းသူတွေဟာ ခေတ်က တိုးတက်တာလာနဲ့ အမျှ ပိုပိုများလာတာကို
စာရေးသူ မကြာခဏ ဆိုသလို တွေ့နေရပါတယ်၊ ဒီလိုမေးခွန်းမျိုး ဖြေပေးချင်နေတာကြာပါပီ၊ ဒါပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ ဖြေပေးခွင့်မကြုံခဲ့ပါဘူး။
ခုတော့ ဖြေဘို့ ခွင့်သင့်လာတော့ ရှင်းပြခွင့်ရလာတော့ ကိုမင်းသူကို အရမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

ကဲ....ကိုမင်းသူရေ...........စာရေးသူအနေနဲ့ ပထမဆုံးပြောချင်တာကတော့ ..

ယုံကြည်မှုအပိုင်းကို အရင်ရှင်းပြမယ်နော်။ လူသားအားလုံးဟာ ဘ၀ လားရာကောင်းဘို့အတွက် ယုံကြည်ချက်အမျိုးရှိကြပါတယ်။
သူတို့ယုံကြတဲ့ ဘာသာအပေါ် တန်ဘိုးကိုယ်စီထားတာတွေ ရှိကြပါတယ်။ ခု ကိုမင်းသူက Buddhism ဗုဒ်ဓဘာသာဝါဒ ကိုလက်ကိုင်ထားတာမဟုတ်လား။
မိမိ လက်ကိုင်ထားပြီး ယုံကြည်တဲ့ဘာသာ အပေါ် ယုံကြည်နိုင်အောင် ယုံကြည်မှု လေးမျိုးကို နံပါတ်တစ် အနေနဲု့ သိထားမှ ယုံကြည်တတ်မယ်နော်...
အဲ့ဒီ ယုံကြည်မှုတွေက......

၁။ ပသာဒ သဒ္ဓါ ....ဒီယုံကြည်မှုတော့ ကလေးတွေ သာမန်ယုံကြည်တတ်တဲ့ အသိညာဏ်မပါပဲ မိရိုးဖလာ ရှေးကသွားတဲ့ သူတွေ မိဘတွေ ပြောထားလို့
သိထားတာလောက်နဲ့ ယုံကြည်တဲ့ ယုံကြမှုမျိုးကို ဆိုလိုတာပါ။
၂။ သြကပ္ပနသဒ္ဓါ ....ဒီယုံကြည်မှုက ဘုရားအကြောင်းကိုကောင်းကောင်းသိတယ်၊ တရားအကြောင်းကို ကောင်းကောင်းသိတယ်၊
သံဃာအကြောင်းကိုကောင်းကောင်းသိတယ်။ ဒီရတနာ သုံးပါးရဲ့ အနှစ်သာရကို သိလို့ ငါ ဒီဘာသာကို လက်ခံပြီး ယုံကြည်တာပါလားဆိုတဲ့အသိနဲ့
ယုံကြည်တာမျိုးကို ဆိုလိုတာပါ။
၃။ အာဂမသဒ္ဓါ ...ဒီယုံကြည်မှုက ပုထုဇဉ်အနေနဲ့ ကိုယ်ကိုတိုင် စမ်းသပ်ပြီး ဘုရားရဲ့ ဂုဏ်တော်တွေ၊ တရားရဲ့ ဂုဏ်တော်တွေ ၊ သံဃာရဲ့ဂုဏ်တော်တွေ
သိတဲ့အခါ ပြုလိုက်တဲ့ ကောင်းမှုတွေဟာ တကယ်အကျိုးပေးတာပါလား ဆိုတဲ့အသိနဲ့ တကယ်လေးနက်၊တကယ်မြင့်မြတ်တဲ့ သက်ဝင်ယုံကြည်တာမျိုးကို ဆိုလိုတာပါ။
၎။ အဓိဂမသဒ္ဓါ...ဒီယုံကြည်မှုက သိတဲ့အတိုင်း လိုက်နာကျင့်သုံးလို့ မဂ်တရား၊ ဖိုလ်တရားတွေကို ရပြီးတဲ့အခါ ဘယ်ရဟန်းက ဖျက်ဖျက်၊ ဘယ်ပုဏ္ဏားကဖျက်ဖျက် ၊
ဘယ်မာနတ်ကဖျက်ဖျက်၊ ဘယ်ဗြဟ္မာက ဖျက်ဖျက် ဘယ်လိုနည်းနဲ့မှ မပျက်ဆီးသော ယုံကြည်မှုမျိုးနဲ့ ယုံကြည်တာကို ဆိုလိုတာပါ။။။။။။

ကိုမင်းသူအနေနဲ့ ငါယုံကြည်တဲ့ ယုံကြည်မှုက ဘယ်ယုံကြည်မှုနဲ့ ယုံကြည်တာလဲ မိမိဘာသာ ပြန်စစ်ဘို့တော့ လိုမယ်နော်။
၁ နဲ့ ယုံကြည်နေတာလား၊ ၂ နဲ့ ယုံကြည်နေတာလား၊ ၃ နဲ့ယုံကြည်နေတာလား။ ၄ နဲ့ယုံကြည်နေတာလား ဆိုတာ ခွဲခြားသိထားရမယ်။

ရဟန်းတော်တွေ တော်တော်များများကို အထင်မကြီးဘူးဆိုတာတော့ ကိုယ်ကိုတိုင် စမ်းသပ်မှုနဲ့ယုံကြည်နေတဲ့ အဆင့်က နည်းသေးတယ်လို့
စာရေးသူအနေနဲ့မြင်ပါတယ်။။။ ဒါကြောင့် စမ်းသပ်ပြီး သိအောင်လုပ်ကြည့် ၊ကျင့်သုံးကြည့် လို့ တိုက်တွန်းချင်ပါတယ်၊ စာရေးသူရဲ့ ဘာသာက
ဘယ်လိုလူလာစမ်းစမ်း စမ်းသပ်ခံနိုင်တယ်၊ နည်းပေးနိုင်တယ်၊ ဒါကြောင့် လက်တွေ့လုပ်ကြည့်စေချင်တယ်၊ လုပ်ကြည့်လို့ သိလာတဲ့
ယုံကြည်မှု အမြင်မှန်ကို ရယူစေချင်တယ်။ အမြင်မှန်မှုနဲ့ ယုံကြည်လာပြီဆိုရင် ဘသာတရားရဲ့တန်းဘို့နဲ့ ဘာသာကိုကျင့်သုံးနေတဲ့သူတွေရဲ့
တန်ဘိုးကို နားလည်လာမယ်လေ။ ကိုမင်းသူ ပြောတဲ့ ဆင်းရဲသားတွေက သာသနာ့ဘောင်ရောက်လာတာ အထင်မကြီးဘူးဆိုတာနဲ့ပတ်သက်ပြီး
ပုံဖော်ပြရမယ်ဆိုရင် ဘုရားရှင်ရဲ့ လက်ဝဲယံ လကျာ်ယံ ဖြစ်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ဟာ ဇာတ်နိမ့်ကနေ ရဟန်းဘ၀ကို ရောက်လာတယ်၊
အဂ္ဂုလိမာလကလဲ လူသတ်သမားဘ၀ကနေ ရောက်လာတယ်။ ရဟန်းဘ၀ရောက်လာတော့ တန်ဘိုးရှိတဲ့ဘာသာရဲ့ ကျင့်စဉ်တွေကို ကျင့်တော့ အဆင့်မြင့်တဲ့သူဖြစ်သွားလို့
ဘုရင်ကတောင် ရှိခိုးရတာပါ။ သာသနာဘောင်ရောက်ပြီး ဘာအဆင့်မှ မရှိတဲ့ ရဟန်းတွေလဲရှိတာပဲ၊ ဒါပေမဲ့ သူတို့က အဆင့်မရှိပေမဲ့" ထီးမပါရင် နေပူတဲ့ခါ သိမယ်၊
ကောင်းမှုမပါရင် သံသရာကျရင် သိမယ် " ဆိုတဲ့ အတိုင်း ဒီဘ၀တော့ မသိသေးဘူး၊ သံသရာကျရင် မိမိကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကံ၊ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေက
သက်သေပြပါလိမ့်မယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်ကင်းတဲ့ အမြင်နဲ့ ကြည့်ရင် အထက်တန်းကျတဲ့ ကြည့်ခြင်းမျိုးလို့ မှတ်ထားစေချင်ပါတယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်
ကြည့်လိုက်တဲ့ခါ အမြင်မကြည်မှုတွေနဲ့ လမ်းသွားနေရင် အထက်တန်းမကျနိုင်ပါ။။။။။။။။

ဒါနဲ့ပတ်သက်ပြီး .............သာသနာ့သမိုင်း ရာဇ၀င်မှာ စံတင်စရာကောင်းလောက်အောင် အတုယူထိုက်တဲ့ ၀ိသာခါ ..ဆိုတဲ့ ကျောင်းအမကြီးကို ကြည့်လေ။။။
သူက ဘယ်လိုရဟန်းသံဃာပဲ ဖြစ်ဖြစ် ကုသိုလ်ကောင်းမှုကို ပြုလုပ်တာပါ။ တနေ့တော့ ၀ိသာခါ ကျောင်းအမကြီးက ဘုရားရှင်နဲ့တကွ ရဟန်းသံဃာတွေကို ဆွမ်းကပ်ချင်လို့
ကျွန်မလေးကို ကျောင်းသွားခိုင်းပြီး ဆွမ်းစားပင့်ခိုင်းလိုက်တယ်။ အဲ့ဒီအချိန်မှာ ရဟန်းတော်များဟာ ရေချိုးနေကြတယ်၊ ရေလဲ သင်္ကန်းမရှိလို့ တိတ္ထိတွေလိုမျိုး အ၀တ်ဗလာနဲ့
ရေချိုးနေကြတာကို ကျွန်မလေး တွေ့သွ့ား တယ်၊ တွေ့နေကြတိုင်း မတွေ့တော့ ရဟန်းတွေမဟုတ်ဘူး တိတ္ထိတွေပဲ ရေချိုးနေတာ တွေ့တဲ့အကြောင်း ပြန်ပြောတော့၊
ဝိသာခါ ကျောင်းအမကြီးက သိတယ်၊ ဒါကြောင့် နောက်တခေါက် ပြန်သွားပြီး ပင့်ပါ၊ ရှိပါတယ်လို့ပြောလိုက်တယ်၊ ကျွန်မလေးက နောက်တစ်ခေါက် ပြန်သွားတော့
တရားထိုင်နေကြတာကို တွေ့ပြီး ဆွမ်းစားပင့်လာခဲ့တယ်။ ကျောင်းအမအကြီး က စဉ်းစားတယ်...အင်း....ဒီတိုင်းဆို သာသနာကို ယုံကြနည်းပြီး မှားတဲ့ယုံကြည်မှုတွေနဲ့
ဘ၀ကို အဆုံးသတ်သွားကြလိမ့်မယ်။ ဒါကြောင့် ငါဒီတိုင်းမနေဘဲ အကောင်းမြင်တဲ့ရှုထောင့်ကနေပြီး သူတစ်ပါးကောင်းကျိုးတွက် မျှော်ကိုးပြီး သာသနာလဲပြုရာရောက်အောင်
မြတ်စွာဘုရားရှင်ကို သင်္ကန်းသုံးထည် ရဟန်းတော်များတွက် ခွင့်ပြုပေးဘို့ လျောက်မှပဲလို့ တွေးပြီး တောင်းပန်လျောက်ထားတော့ ဘုရားရှင်ခွင့်ပြုလိုက်ပါတယ်။ ဒီနေရာမှာ သင်္ခန်းစာ
ယူကြည့်မယ်ဆိုရင် ကျောင်းအမကြီးက သာမန်သိပြီး သာသနာကို ယုံကြည်နေတယ်ဆိုရင် အ၀တ်ဗလာနဲ့ တိတ္ထိတွေလို ရေချိုးနေတဲ့ မြင်ကွင်းကို မြင်ပြီး ယုံကြည်မှုပျက်သွားနိုင်တယ်၊
ဒါပေမဲ့ ကျောင်းအမကြီး က သာသနာရဲ့ တန်းဘိုးကို သာသနာရဲ့ အနှစ်သာရကို သိတော့ ယုံကြည်မှုမပျက်ခဲ့ပါဘူး။ သူဟာ သာသနာတော်ရဲ့ အနှစ်သာရကို သိတော့ တစ်ပါးသူတွေလဲ
သိအောင် ကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်သွားတာနော်။ ဒါတွေဟာ သူ့တစ်ပါးအကျိုး မိမိအကျိုးတွေကို မြင်လို့ ကျောင်းအမအကြီးက ပညာရှိမျက်စိနဲ့ ကြည့်ပြီး လုပ်သွားလို့
သာသနာ့ ရာဇ၀င်မှာ စံတင်သွားခဲ့တာပါ။ ဒါတင်မကသေးဘူး သူက ဒီလိုလေးကြည့်လိုက်သေးတယ်............"အတ္တပရ ကျိုးနှစ်ဝကို၊ မြင်ကပဏ္ဍိ ပညာရှိရှင့် ၊မသိသူမိုက် ဟူထိုက်မချွတ်၊
မည်တုံလတ်၏၊" .... တဲ့ ၀ိသာခါကျောင်းအမကြီးက သူတစ်ပါးအကျိုး၊ မိမိအကျိုးကို မြင်အောင်ကြည့်ပြီး ကြံစည်တတ် ၊လုပ်တတ် ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် တာဟာ ပညာရှိတွေရဲ့
ကျင့်သုံးနည်းတွေဖြစ်တယ်။...မမှန်ကန်တဲ့ အမြင်မကြည်မှုတွေနဲ့ ကြံတယ်၊ လုပ်တယ်၊ ပြောတယ် ဆိုရင် ပညာမဲ့ တွေရဲ့ ကျင့်သုံးနည်းတဲ့ ၀ိသာခါ ကျောင်းအမကြီး စဉ်းစားတာနော်။
ဒါတင်မကသေးဘူး ... "သူ့ကို ချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။ ယွင်းဘောက်အလို၊ ၀န်မတိုနှင့်၊ သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။" .......
မှန်ပါသည် သူတစ်ပါးကို ချီးမြှောက်လိုသော အရာတွေအားလုံး အကြံစည်တွေအားလုံး၊ လုပ်ရပ်တွေအားလုံး အကောင်းအထည်ဖော်ပြီး သ၀န်တိုတတ်တဲ့ စိတ်မဖက်ပဲ လုပ်နေရင်
ကိုယ့်ဂုဏ် တက်တယ်၊ သူတစ်ပါးကို အမြင်မမှန်တဲ့ ကြည့်နည်းတွေနဲ့ လုပ်နေရင် မိမိဂုဏ်မတက်ဘဲ ရှိပြီးသားဂုဏ်ပါ လျော့ကျသွားတာ ဆိုပြီး ၀ိသာခါ ကျောင်းအမကြီးက စဉ်းစားဆုံးဖြတ်ပြီး
သာသာနာကို ဂုဏ်တက်အောင် လုပ်နိုင်ခဲ့တယ်။ဝိသာခါ ကျောင်းအမကြီး၏ စံနမူနာကို လူသားတိုင်း ကျင့်သုံးရင် ဂုဏ်တက်စရာတွေပဲလိုပြောချင်ပါတယ်။ ကိုမင်းသူ လဲ ရဟန်းတော်တွေဟာ
ဘယ်လိုပင်ရှိနေပါစေ" ဘယ်သူမပြု မိမိအမှု" တဲ့ ကိုယ်လုပ်တဲ့ဟာ ကိုယ်ပဲ ရရှိမှာပါ။ ဒီလိုအမြင်နဲ့ အကောင်းမြင့်စိတ်နဲ့ မြင်ပေးလိုက်ရင် သူတစ်ပါးတွက်ရာ မိမိတွက်ပါ ကောင်းသွားပါလိမ့်မယ်နော်။
ဒါ့အပြင် ... အိမ်တစ်အိမ်မှာ မိသားစုတစ်စု ကြည့်ကြည့်လေ။ ကောင်းတဲ့သူက ကောင်းတယ်၊ မကောင်းတဲ့သူက မကောင်းဘူး၊ မိသားစုတစ်ထဲတောင် ဒီလိုတွေရှိနေရင် သာသနာတွင်းထဲမှာရော
တခြားဘယ်နေရာမဆို ကောင်းတဲ့ သူတွေရှိနေသလို မကောင်းတဲ့သူတွေလဲ ရှိနေတာပဲဆိုတဲ့ စိတ်ကိုမွေးရပါ့မယ်။

တချိန်က မြန်မာပြည်မှာ ဒကာမတစ်ယောက်က စာရေးသူကို လာလျောက်ဘူးတယ်....
အရှင်ဘုရား တပည့်တော်က သာသနာကို ယုံကြည်တဲ့နေရာမှာ ရွှေကျင်သံဃာကိုသာ ယုံကြည်ကိုးကွယ်တယ်ဘုရား...
ဆိုပြီး ပြောလိုက်တော့ ..... စာရေးသူ ကြားကြားချင်းပဲ အော် လူဘ၀ ရလာတာ အမှန်တရားနဲ့ တွေ့ပြီး မှန်မှန်ကန်ကန် မမြင်တတ်၊ မဆည်းကပ်တတ်သေးပါလားဆိုပီး
စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါနဲ့ အဲဒီဒကာမကို စာရေးသူက ပြောလိုက်တယ်။ ဒကာမကြီး လူဘ၀ရလာတာ တကယ်ကံကောင်းတယ်နော်။ ဒီဘ၀ကို ဆက်ပြီး ရဘို့ဆိုတာ
အင်မတန်ခဲယဉ်တယ်။ ရလာတော့လဲ မြတ်စွာဘုရားသာသနာနဲ့တွေ့ဘို့ပိုက်ခက်တယ်၊ တွေ့ပြန်တော့လည်း တရားတွေ သံဃာတွေနဲ့ ထိတွေ့ရဘို့လည်း ပိုခက်တယ်။
ဒီလိုခက်ခဲတဲ့ ရရှိမှုတွေကို ဒကာမကြီး ရနေရပါလျက် မှန်ကန်သော ယုံကြည်မှုမရှိသေးပါလား ၀မ်းနည်းပါတယ် လို့ပြောလိုက်တယ်။ ဒီတော့ ဒကာမကြီးက...........
ဘယ်လို ဘယ်လို ဘာလို့လဲဘုရား ရှင်းပြပါအုံးဘုရား လို့ စာရေးသူကို လျောက်တော့ စာရေးသူလဲ အကြိုက်တွေ့သွားတာပေါ့၊ ဘာလို့လဲဆိုတော့ စာရေးသူက လမ်းမှားနေသူကို
လမ်းမှန်တည့်ပေးချင်တာ စာရေးသူရဲ့ ၀ါသနာမို့ပါပဲ။ ကဲဒါဆို ဒကာမကြီး ကျီးအာသီးနှင့် ဒူးရင်းသီးကို သိလားလို့ မေးလိုက်တယ်၊ သိတာပေါ့ ဘုရား၊ ဒါဆို ကျီးအာသီးမှည့်ကို
ကြည့်လိုက်စမ်းပါ၊ အပြင်ကနေကြည့်တော့ ပြောင်ဝင်နေပြီး လက်နဲ့ ကိုင်ချင်စဖွယ် မရှိဘူးလားဆိုတော့ ကိုင်စရာကောင်းတယ်ဘုရား၊ ဟုတ်ပြီး နောက်ပြီး အတွင်းပိုင်းကို ခွဲကြည့်လိုက်ရင်
ပိုးလောက်တွေပြည့်နေလို့ ကိုင်စရာ ယူချင်စရာကောင်းသေးလားလို့ မေးလိုက်တယ်၊ အရှင်ဘုရားကလဲ ဒါကတော့ ဘယ်သူကကိုင်မှာလဲဘုရား ရှာရှာဖွေဖွေ ရွံစရာကြီးတွေမို့ပါ။
ဟုတ်ပြီး ဒကာမကြီး ဒီနှစ်ခုကို ကြည့်လိုက်ရင် အပြင်ကနေ သာမန်ကြည့်ရင်တော့ ရချင်စရာနော် ။ အတွင်းကနေ ညာဏ်မျက်စိနဲ့ ကြည့် ရင် သာယာစရာ ရချင်စရာ မရှိဘူးနော်လို့
ပြောလိုက်တော့ ဟုတ်ပါတယ်ဘုရားတဲ့......ဒါကို ဒီလိုလေးပဲ နားလည်ထားလိုက်အုံးနော် ...........

နောက် ဒူးရင်းသီးကိုလည်း ကြည့်လိုက်အုံး...ဒူးရင်းသီးကိုအ ပြင်ကနေကြည့်ပြီး ကိုင်ခိုင်းလို့ ဆူးတွေ အတက်တွေနဲ့ဆိုတော့ ကိုင်ခိုင်းပြီး ယူသွားခိုင်းရင်
ကိုင်ပြီး ယူသွားချင်ပါ့မလား လို့မေးတော့ ဆူးတွေနဲ့ဆိုတော့ ကိုင်ပြီး ယူမသွားချင်မှာတော့ သေချာတယ်ဘုရား..
ဒါဆို အတွင်းပိုင်းကို ကြည့်လိုက်ပါအုံး အတွင်းပိုင်းခွဲပြီး ကြည့်လိုက် အနံ့အရသာအပြည့်နဲ့ဆိုတော့ စားချင်သဖွယ် မကောင်းဘူးလားဆိုတော့ အရှင်ဘုရားကလဲ ပြောရက်တယ် ၊
ဒီလောက် အနံ့အရသာနဲ့ ဟာကို စာချင်စရာကောင်းတာပေါ့ဘုရား တဲ့.....ဟုတ်တယ် အစကတော့ ဒကာမကြီးက ကျီးအာသီးကျတော့ အပြင်ကကြည့်ရင် ရချင်စရာ အတွင်းကြည့်ရင် ရွံစရာလို့ပြောတယ်နော် ၊
ဒူးရင်းသီးကြတော့လည်း အပြင်ကနေကြည့်ရင် ရချင်စရာမရှိဘူးလို့ပြောတယ်၊ အတွင်းပိုင်းကျတော့ စားချင်စရာကောင်းတယ်လို့ပြောပြန်ပြီနော်။ ဒကာမကြီး ခုလိုမြင်နေတာက သာမန်မျက်စိနဲကြည့်ရင်
ရချင်စရာကောင်းတဲ့ဟာက မကောင်းဘူးနော်၊ ရချင်စရာမကောင်းတဲ့ဟာက ရချင်စရာကောင်းနေတာနော်။ အဲဒါတွေဟာ အတွင်းကျကျ ညာဏ်နဲ့မကြည့်တတ်သေးလို့ အဲလိုဖြစ်နေတာလေ။
ညာဏ်နဲ့ကြည့်တတ်သွားရင် အဲလိုမဖြစ်တော့ဘူး။ ဒီတိုင်းပဲ သာသနာကို ယုံကြည်တဲ့နေရာမှာလည်း မမှန်ကန်တဲ့ ခွဲခြားမှုတွေနဲ့ယုံကြည်နေရင် ဓမ္မစစ် ၊ဓမ္မမှန်နဲ့ယုံကြည်နေတာမဟုတ်သေးဘူး။
မြတ်စွာဘုရားက ရဟန်းတွေတွက် တရားတွေကို ခွဲခြားပြီး မဟောခဲ့ဘူး၊ တူတူ ဒီစည်းကမ်းတွေပဲကျင့်သုံးဘို့ ဟောကြားခဲ့တာပါ။ ဒါကြောင့် သာသာနာကို ယုံကြည်ဆည်းကပ်တဲ့အခါ ညာဏ်မပါဘဲ
ယုံကြည်တာက စစ်မှန်သော ယုံကြည်မှုမဟုတ်၊ ညာဏ်ကင်းပြီး ယုံကြည်တာဖြစ်တယ်။ စစ်မှန်သော ယုံကြည်မှုက ညာဏ်နဲ့ကြည့်ပြီး သံဃာတွေကို ခွဲခြားမှုမပြုပဲ ယုံကြည်တတ်တာက မှန်ကန်တဲ့
ယုံကြည်မှုဖြစ်တယ်လို့ ပြောလိုက်တော့ စာရေးသူကို အရမ်းကျေးဇူးတင်တဲ့အကြောင်း ၊ လမ်းမှားတာကို အမှန်ပြင်ပေးတဲ့ အတွက် ၀မ်းသာမဆုံးဖြစ်ပြီး ၊ ဘာပဲဖြစ်ဖြစ်စာရေးသူပျော်ပါတယ် ။
မှားနေတာကို ပြင်ပေးရလို့ အတိုင်းထက်အလွန်ဝမ်းသာခဲ့ရပါတယ်။ ခု ကိုမင်းသူက မေးတော့ လမ်းမှန်ကို ပြောပြရတဲ့အတွက် အလွန်တရာမှ အတိုင်းအထက်အလွန် ၀မ်းသာပါတယ်၊
ဒါကြောင့် ကိုမင်းသူရဲ့ သံသယ ကို ယုံကြည်မှုလေးမျိုးနဲ့ တိုင်းထွာကြည့်ပြီး ငါ ဘယ်လိုယုံကြည်မှုမျိုးနဲ့ ယုံကြည်နေတာလဲ ပြန်စစ်ကြည့်ပြီး ဒီဆောင်းပါးထဲက အတိုင်း ကျင့်သုံးဖွယ်ရာတွေကို
နားလည်အောင်လုပ်ပြီး အကောင်းမြင်တတ်ပါစေလို့ ဆန္ဒပြုရင်း...........................
စာပေချစ်ခင်သူ မိတ်ဆွေတွေအားလုံးကို တစ်ဦးနဲ့ တစ်ဦးစပြီး တွေ့ကြ၊စုံကြသည့်အခါ စကားပြောကြည့်လိုက်လို့
အကောင်းအဆိုးတွေ သိလိုချင်ရင် စကားပြောနည်း လေးမျိုးကို ဘ၀တစ်သက်စာအတွက် လက်ဆောင်ပေးလိုက်ပါတယ်။
၁။ သူတစ်ပါး မကောင်းကြောင်း မပြောပါနဲ့
၂။ သူတစ်ပါးကောင်းကြောင်းကိုသာ ပြောပါ
၃။ မိမိကောင်းကြောင်း မပြောပါနဲ့
၎။ မိမိမကောင်းကြောင်းကို လိုအပ်လာရင် ရဲရဲဝံ့ဝံ့ ပြောပါ.

ဒီလေးမျိုးနဲ့ ကိုက်ညီတဲ့ စကားတွေပြောလာရင် ငါ့ဘ၀အတွက် အဖော်ကောင်းပဲလို့ တစ်သက်စာ မှတ်စေချင်ပါသည်။
ဓမ္မပန်းကို ထာဝရ ဆင်မြန်နိုင်ကြပါစေ........ တက္ကသိုလ်စာသင်သား..........

Tuesday 5 July 2011

အမေးအဖြေ

၁။ ဂေါတမ ဘုရားမြတ်စွာသည် အလောင်းတော်ဘ၀တွေမှာ ဘုရားဘယ်နှစ်ဆူထံမှာ ရဟန်း ဘ၀ ဘယ်နှစ်ဘ၀ ရခဲ့ပါသလဲ၊
၂။ အဲ့ဒီဘုရားတွေထဲမှာ လေးဆူမြောက် ဘုရားအမည်ကိုသိလိုပါသည်။ ၃။ ယင်းဘုရားသည် သက်တမ်းဘယ်လောက်မှာ ပွင့်ပါသလဲ၊
၎။ ဂေါတမဘုရားလောင်းသည် ယင်းဘုရားလက်ထက် လူဘ၀အဆင့်အတန်းနှင့် ရဟန်းဘ၀ အဆင့်အတန်းကိုလည်းသိချင်ပါသည်၊
၅။ ရဟန်းဘ၀ သက်တမ်းကုန်ဆုးံသောအခါ ဘယ်ဘ၀ကို ရောက်ရှိခံစားခဲ့ရပါသလဲ သိလိုပါ၍ ဖြေရှင်းပေးပါ။ မသန်းသန်းဆွေ၊


အထက်ပါ မသန်းသန်းဆွေ မေးထားသော မေးခွန်းကို တက္ကသိုလ်စာသင်သား အနေနဲ့ ......


၁။ ဂေါတမမြတ်စွားဘုရားသည် အလောင်းတော်ဘ၀တွေမှာ ဘုရားကိုးဆူထံမှာ ရဟန်း ဘ၀ ကိုးဘ၀ ရခဲ့ပါတယ်။
၂။ လေးဆူမြောက် ဘုရား၏ အမည်ကား သုဇာတ မြတ်စာဘုရားဖြစ်ပါတယ်၊
၃။ သုဇာတ မြတ်စွာဘုရားသည် အသက်တမ်း ကိုးသောင်းတန်း မှာ ပွင့်တော်မူခဲ့ပါတယ်။
၎။ လူ့ဘ၀အဆင့်အတန်းမှာ စကြာမင်းဘ၀ နှင့် ရဟန်းဘ၀ အဆင့်အတန်းမှာ သမာပတ်ရှစ်ပါးနဲ့ အဘိညာဏ်ငါးပါးတို့ကို ရခဲ့ပါတယ်၊
၅။ ရဟန်းဘ၀ သက်တမ်းကုန်ဆုံးသောအခါ ဗြဟ္မာပြည်မှာဖြစ်ပြီး ခံစားစံစားတော်မူခဲ့ပါတယ်လို့ အဖြေပေးလိုက်ပါတယ်၊

ဓမ္မပန်းကို ထာဝရ ဆင်းမြန်းနိုင်ကြပါစေ.................
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

မိခင်ကို ဓားနဲ့ခုတ်လို့ ဘုရား မကယ်နိုင်သော ကံများ ထိုက် ၊ မထိုက်

အဲဒီ အမေကို ဓားနဲ့ခုတ်တဲ့ သူငယ်ဟာ ပဉ္စာနိယ ကံ (စာလုံးပေါင်းမေ့နေလို့) ကံကြီးထိုက်တယ်လို့ ယူဆလို့ ရပါသလား ?
မေးသူ .....မင်းသူ

တက္ကသိုလ်စာသင်သား ၏ ဖြေဆိုချက်.....

အင်း................ပဉ္စာနန္တရိယကံထိုက်တယ်လို့ မယူဆရပါ.............
ဘာကြောင့်လဲဆိုတော့ ကံပါးရှိပါတယ်.........

၁။ မာတုဃာတကကံ -----အမေကို သေသွားအောင် သတ်သောကံ
၂။ ပိတုဃာတကကံ........အဖေကိုသေသွားအောင် သတ်သောကံ
၃။ အရဟန္တဃာတကကံ .....ရဟန္တာကိုသေသွားအောင် သတ်သောကံ
၎။ လောဟိတုပ်ပါဒ ကံ ....ဘုရားကို သွေးစိမ်းတည်အောင်ပြုသောကံ
၅။ သံဃဘေဒက.ကံ ..သံဃာကို ကွဲပြားသွားအောင်ပြုလုပ်သော ကံ (သံဃာဆိုသည်မှာ ၄ပါး ၄ပါးအထက်ကို သံဃာ) ဟုမှတ်ပါ။
ဟု ကံငါးပါးရှိပါသည်။ ၁၊ ၂၊ ၃၊ တို့၌ ရှိသော ကံတို့က သေအောင်သတ်သော ကံဟုဆိုထားပါသည် ၊ ထို့ကြောင့် မသေရင် ကံမမည်၊ သေမှသာ ကံထိုက်သည် ဟု မှတ်ပါလေ....

တက္ကသိုလ်စာသင်သား

Monday 4 July 2011

..မိခင်မေတ္တာ ....

ယခုတင်ထားသော စာသားသည် တက္ကသိုလ်စာသင်သား ရေးသားသည့် စာသားမဟုတ်ပါ။ ပြည်တီ ရေးသားထားသော ဧဒင်ဥယာဉ်မှ ပြန်လည်ကူးယူပြီး ဖော်ထားပါသည်။ ပြန်လည် ကူးယူဖော်ပြရခြင်းအကြောင်းကား..............မိခင်၏ မေတ္တာသည် အဘယ်မေတ္တာမျိုးဖြင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။။။။။။။။ဟု မေးထားသော မေးခွန်းပါလာ၍ ဘ၀တစ်ခု ရလာရင် တကယ်တန်ဘိုးရှိသည့် အကြောင်းအရာတွေကို လွဲချော်ပြီး မှတ်ယူကြမည်စိုးရိမ်သောကြောင့် (မိခင်၏ မေတ္တာသည် အဘယ်မေတ္တာမျိုးဖြင့် နှိုင်းယှဉ်နိုင်ပါမည်နည်း.........ဟူသော အမေးကို ပြန်လည်ဖြေပေးထားသောအားဖြင့်သာ ကူးယူ တင်ပြထားတာဖြစ်ပါသည်

.............................မိခင်မေတ္တာ ..........................................

ရွာတရွာမှ အရွယ်သေးငယ်သည့် မုဆိုးမကလေးသည် သားကို ပညာတတ်စေလိုလှသဖြင့် ပုသိမ်မြို့ပေါ်သို့ တက်ပြီး သားကို ကျောင်းထားသည်။ သား-ကျောင်းနေနိုင်ရေးအတွက် ကျောင်းနှင့် မဝေးလှသော တန်းလျားတခုမှ အခန်းကလေး တစ်ခန်းကို ငှါးနေကာ သူ့တွင် ဈေးတောင်းခေါင်းတင်ပြီး ငွေရှာရသည်။

ဟင်းရွက်တောင်းကို ခေါင်းတင်၍ ရှာသော မိန်းမတယောက်၏ ၀င်ငွေမှာ စစ်စစ်ပေါက်ပေါက်တွက်လျှင် တနေ့ သုံးကျပ်ပင် မရှိနိုင်ပါ။ သို့သော် မုဆိုးမကလေးက သူသာ အစားဆင်းရဲခံပြီး သားဖြစ်သူ မငြိုငြင်ရအောင် သူများနဲ့ တန်းတူဖြစ်အောင် ထားသည်။



သို့နှင့် သားသည် ၁၀-တန်းသို့ ရောက်လာလေသည်။ လူပျိုကြီးဖားဖားလည်း ဖြစ်လာလေပြီ။ ထိုအချိန်တွင် မိခင်မုဆိုးမ ကလေးက ပိုပြီးအလုပ်လုပ်သည်။ ပိုပြီးကြိုးစားသည်။ ကျောင်းနှင့် ပတ်သက်သော စရိတ်အမျိုးမျိုးအပြင် အ၀တ်အစား
အတွက်ပါ သားလူပျိုလူရွယ်ကလေး မျက်နှာမငယ်ရအောင် အလဲလဲအလှယ်လှယ် ၀တ်နိုင်အောင် ဖုတ်ပူမီးတိုက်ရှာသည်။

တနေ့တွင် သားဖြစ်သူသည် ဘယ်ကဘယ်လို ဖြစ်လာသည်မသိ။ ရှူးရှူးရှဲရှဲနှင့် အိမ်ကိုပြန်လာပြီး မီးဖိုထဲတွင် အသင့်တွေ့သော ဓားနှင့် သူ့အမေကို ခုတ်လေသည်။ အိမ်နီးချင်းတွေက အတင်းဖျင်၊ အတင်းဆွဲသဖြင့် မိခင်မုဆိုးမကလေးမှာ သေလောက်သော ဒဏ်ရာ မရစေကာမူ ဆေးရုံသို့တက်၍ ကုသလိုက်ရသည်။

အရပ်က မခံသဖြင့် ရဲက သူငယ်ကိုဖမ်းပြီး ဓားခုတ်မှုဖြင့် တရားစွဲတင်သည်။ ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းလာသော မုဆိုးမကလေးသည် သူ့သားအချုပ်အနှောင် ခံနေရသည်ကို သိသည်နှင့် အာမခံရအောင် အမျိုးမျိုး ကြိုးစားပြီး အာမခံဖြင့် ထုတ်ယူသည်။

ထို့နောက် အမှုကို ရုံးတင်စစ်ဆေးသောအခါ မိခင်ဖြစ်သူမှာ တရားလိုမဟုတ်ဘဲ သက်သေနေရာကသာ ရှိသဖြင့် သားဖြစ်သူ ဒဏ်မခံရအောင် ကျမ်းအစူးခံပြီး အစွမ်းရှိသမျှ သားဘက်က ကာကွယ် ထွက်ဆိုလေသည်။ သားလည်း အမှုမှကွင်းလုံးကျွတ် လွတ်သွားသည်။

အမှုပြီးသောအခါ သားသည် သာမဏေဘောင်သို့ ၀င်သွားပြီး နောင်အသက်ပြည်သည်နှင့် ရဟန်းဖြစ်သွားသည်။ ယခု တောရွာ ကလေးတရွာတွင် ပရိယတ္တိ သင်ကြားဆဲရှိသည်။ မိခင် မုဆိုးမကလေးသည်လည်း သီလရှင်ဝတ်ကာ သားရဟန်းရှိရာသို့လိုက်ပြီး သားရဟန်းတော်ကို ပြုစုလုပ်ကျွေးတုန်း ရှိပါသည်။

ယင်းအမှုအကြောင်း အစအဆုံးကို ထိုစဉ်က ပုသိမ်တွင်ရောက်နေသော ကျွန်တော်တို့က ကောင်းကောင်းသိလိုက်ပါသည်။
အဖမဲ့ သားကလေးတယောက် လောကကြီးအလယ်၌ တင့်တင့်တယ်တယ် လူဖြစ်နိုင်ရေးအတွက် မိခင်မုဆိုးမကလေးသည် ဈေးတောင်းခေါင်းတင်ကာ လုပ်ကျွေးရင်း ပညာသင်စေသည်။ သားကလေး တတန်းပြီးတတန်း တက်သွားလေလေ၊စရိတ်က တလထက်တလ ပိုကုန်လေလေ ဖြစ်လာသည်။ သို့သော် ဈေးတောင်းခေါင်းတင်၍ ရသောငွေမှာ တိုး၍မလာပါ။မလောက်မင ဖြစ်ရုံဟု မဆိုနိုင်ဘဲ မလောက်ဘဲနေသည်။

ထိုအခါ သားကလေး ပညာဆက်လက်သင်နိုင်ရေး၊ လူချင်းတူတူ သူချင်းမျှမျှ ဖြစ်နိုင်ရေးအတွက် ဘ၀ကို အဆုံးခံပြီး ငွေရှာလေသည်။ သားအတွက် ကျောင်းလခ ပေးရခါနီး အချိန်မျိုး၊ အ၀တ်အစား ၀ယ်ရတော့မည့် အခါမျိုး၊ စာအုပ်ဝယ်ရ တော့မည့် ကိစ္စမျိုးတွင် မုဆိုးမကလေးသည် စွန့်စားခန်းဝင်လိုက်သည်။ အခြားအချိန်မျိုးတွင်ကား ဈေးတောင်းခေါင်းတင်ပြီး ရိုးရိုးသားသားပင် အသက်မွေးသည်။

အမေ၏သတင်းသည် တနေ့သော် သား၏နားသို့ ရောက်သွားလေသည်။ ဤတွင် သားက အရှက်မွှန်ပြီး အမေကို ဓားဖြင့် ခုတ်ခြင်း ဖြစ်လေသည်။ သူ့ကို ဓားဖြင့် အသေခုတ်ပါသော်လည်း မိခင်မုဆိုးမကလေးက သားအပေါ်ထားသည့် မေတ္တာမှာ ပျက်ကွက်၍မသွား၊ သားကို အချုပ်အနှောင်ထဲမှ အာမခံရအောင် ဖြစ်သည့်နည်းဖြင့် နောက်ကွယ်က ကြိုးစားယူပြီး အမှုစစ် သောအခါ၌လည်း အမေဖြစ်သူ မုဆိုးမကလေးသည် သူ့ကိုယ်သူ ကျမ်းစူးခံ၍ သားလွတ်အောင် ဆောင်ရွက်လိုက်လေသည်။

မိခင်၏မေတ္တာမျိုးကို အဘယ်မေတ္တာဖြင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။

မောင်မဲ




မိခင်၏ မေတ္တာသည် အဘယ်မေတ္တာဖြင့် နှိုင်းယှဉ်ပါမည်နည်း ဟူသော အမေးကို

တက္ကသိုလ်စာသင်သား၏ အဖြေ

မိခင်တိုင်းမေတ္တာဟာ သားသမီးအပေါ်ထားတတ်သည်ကားမှန်၏။ သို့သော် "သမ္မာအာဇီဝ " ကောင်းကောင်းမွန်မွန်
အသက်မွေးဝမ်းကြောင်း လုပ်ကိုင်းစားသောက်တာ မဟုတ်သည့်အတွက် အပြစ်ရှိ၍ အပရိမာန မေတ္တာမျိုးဖြင့် နှိုင်းယှဉ်လို့ မရစကောင်းပါ။ သားသည်လည်း (အတိဇာတ) မိဘရဲ့ ကျေးဇူးကို သိ၍ အားထုတ်သော သားမြတ်သည်ကားမှန်၏။
သို့သော် (ပါဏာတိပါတ - သူ့အသက်ကိုမသတ်ရုံဖြင့် ကံလုံတယ်ဟု မမှတ်ထိုက် ၊ ယင်းကံနောက်က ဘယ်လိုသက်ရှိပင် ဖြစ်ပါစေ မေတ္တာ -ညာတာ ခွင့်လွှတ် သနားတတ်ပြီး စောင့်ရှောက်တတ်၊ ပြုပြင်ပေးတတ်မှ ကံလုံသည်ဟု မှတ်ရမည်။ ထို့ ကြောင့် နှစ်ဦးလုံး ( လူမဟန် ကံလွှဲချ ) သဘောနဲ့သာ နှိုင်းယှဉ်ရမည်။

မှတ်ချက်..................ဘုရားရှင်၏တရားတော်တွေ ရှိသည်မို့ သဘာဝတရားလွဲချော်မည့် ကိစ္စတွေဖြစ်မှာစိုးသောကြောင့် သံသယရှိသည့် အကြောင်းအရာမှန်သမျှ တက္ကသိုလ်စာသင်သားအား မေးပို့၍ မေးမြန်းစေချင်ပါသည်။ မိမိသိသလောက်ဖြင့် စေတနာရှေ့ထားလျက် ဖြေပေးပါမည်။ bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/

Saturday 2 July 2011

ကျေးဇူးပါနော်

အပိုင်း(၁)
စာရေးသူအနေဖြင့် ယခုတင်ပြသွားမည့် ခေါင်းစဉ်လေးကတော့ "ကျေးဇူးပါနော် " ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စာပေချစ်ခင်သူ မိတ်ဆွေတွေအားလုံးကို
ဓမ္မအမြင်နှင့်လောကီအမြင်တို့ကို မိမိလက်လှမ်းမှီသလောက်ကလေးနဲ့ ဖောက်သည်ချပေးသွားပါမည်။ "ကျေးဇူးပါနော်" ဆိုတဲ့ ဆိုလိုချက်ဟာ
ဘာလဲလို့ မေးချင်စရာပဲနော်၊ သူတစ်ယောက်က သူတစ်ယောက်ကို "ကျေးဇူးပါနော်"လို့ ပြောလိုက်သည့်အခါ အပြောခံသူက ဟယ့်.. ငါ့ဟာကြီး
နင်ယူသွားလို့ ကျေးဇူးလို့ပြောတာလား ? ပြောသူက ' အင်း ဟုတ်တယ်လေ၊ အယ်....မှားလို့ ဟုတ်ပါဘူး ၊ နင့်ဆီက စာအုပ်တစ်အုပ်ကို ငှားတယ်ဟာ
ငါ့ဘ၀အတွက် အသုံးလိုလို့ ငါက ငှားတာလေ၊ ရတော့ ၀မ်းသာတာနဲ့ ကျေးဇူးနော် ' လို့ ပြန်ပြောလိုက်တာ.. အဟိ ၊
'ဟာ..........လွဲကုန်ပြီ ၊ ဒါဆို စာအုပ်ကယ်သွားလို့ပေါ့နော်' ၊ လိုအပ်တာကို ယူသူက မှီခိုသည့်ဘ၀၊ လိုအပ်တဲ့ အရာကို ဖြည့်ဆည်းပေးသူက အမှီခံဘ၀ ၊
မှီခိုသူဟာ အမှီခံသူကို ကျေးဇူးတင်ထိုက်လို့ ကျေးဇူးပါနော် လို့ စာရေးသူ ဆိုလိုချင်ပါ၏။
ဘ၀ ဟူသည် မည်သို့ပင်ဖြစ်ပါ၏။ အမြင့်ဆုံး စတိတ်ခုံမှသည် အနိမ့်ဆုံးခွေးခြေခုံပုသို့လည်းကောင်း၊
အနိမ့်ဆုံး ခွေးခြေခုံပုမှသည် အမြင့်ဆုံး စတိတ်ခုံပေါ်သို့လည်းကောင်း၊
တပည့်၊ သားသမီးဟု ခေါ်ဆိုခိုင်းရာမှ ဆရာ၊ မိဘ ဟု တဖန်လှည့်လျက် မော်ဖူးရခြင်းသို့လည်းကောင်း၊
မျက်လှည့်ပမာ ကြည့်နေရင်း ပြောင်းလွဲသွားတတ်ခြင်းကို ဘ၀ ဟုဆိုချင်ပါ၏။
လူသားတို့ ဘ၀ တစ်ခုရလာသည်နှင့်အမျှ ယင်းဘ၀ကို ရှင်သန်ကြီးထွားနိုင်ရန် အမှီသဟဲသည် မရှိမဖြစ်လိုအပ်ပါသည်။ သားသမီးက မိဘကို၊ တပည့်က ဆရာကို ၊
တွေ့ကြ စုံကြရာ အချင်းချင်းမှသည် တွေ့ကြစုံကြရာအချင်းချင်းတို့သို့ မှီခိုပြီး ဘ၀အစမှ အဆုံးတိုင်အောင် မှီနေကြရသည်။ လူသားတို့ အသီးသီး အပြန်လှန်
မှီခိုနေထိုင်ကြရာတွင် လူကောင်းမှီခိုနည်းနှင့် လူယုတ်မာ မှီခိုနည်းဆိုပြီး နည်းနှစ်နည်းကို ခွဲ ခြားသိစေချင်သည်။ မှီခိုနေထိုင်ကြပုံနဲ့ ပတ်သက်ပြီး
(မဃဒေ၀လင်္ကာသစ်) ၌ မန်လည် ဆရာတော်ဘုရားကြီးက နေတတ်၊ထိုင်တတ်၊ ကျေးဇူးတရားကို နားလည်တတ်၊ တုန့်ပြန်တတ်ဘို့ရန် နည်းပေးလမ်းပြထားပါ၏။

" သ၀ိညာဏက ၊မဟုတ်စွာ့သေး၊ ဒုက္ခဆာယာ၊ သစ်ရိပ်သာ၌၊ ရံခါတခိုက်၊ ကြုံကြိုက်နေနား ၊ ခိုမိငြားက၊ ပြစ်မှာလိုလျက်၊ တရားဖျက်၍၊
အခက်ကိုမျှ၊ မချို့ရဘူး၊ ချိုးကဗာလ၊ မိတ္တဒုဗ္ဘော်၊ ပျက်ခေါင်ကျော်သည့်၊ မတော်ဒုစရိုက်၊ လူ့ငမိုက်တည်း"။ ။

ဆိုလိုချက်ကလေးကို အရင်ဆုံးသိအောင် လုပ်ကြရအောင်နော်....." သ၀ိညာဏက ၊မဟုတ်စွာ့သေး၊ ဒုက္ခဆာယာ၊ သစ်ရိပ်သာ၌၊ "
ဆိုတဲ့စကားဟာ .."သ၀ိညာဏက" မှာ" သ "က အတူတကွ "၀ိညာဏက"..အသက်ဝိညာဏ်လို့ဆိုလိုတာပါ၊ "ဒုက္ခဆာယာ" - ဆိုတဲ့စကားဟာလည်း
" ဒုက္ခ "က သစ်ပင် ၊ "ဆာယာ "က အရိပ် လို့ဆိုလိုတာပါ၊ ခြုံကြည့်ရင် အသက်မရှိသော သစ်ပင်၏ အရိပ်လို့ ဆိုလိုတာပါ။ "ချိုးကဗာလ၊ မိတ္တဒုဗ္ဘော်၊ "
မှာလည်း "ဗာလ"က လူမိုက်ကိုဆိုလိုတာပါ၊ "မိတ္တဒုဗ္ဘော်" မှာလည်း မကောင်းသော မိတ်ဆွေ လို့ ဆိုလိုတာပါ၊ ကျန်တာတွေကို သဘောပေါက်လိမ့်ဟု
ယူဆပါသည်၊ အားလုံးကို ခြုံကြည့်ရင် .....အသက်ကင်းမဲ့သည့် သစ်တစ်ပင်၏ အရိပ်အာဝါသအောက်ကို နေပူကြဲကြဲ ခရီးသွားနေသူ တစ်ယောက် ပင်ပန်းလို့ ၊ကြုံကြိုက်လို့
နားခိုမိတဲ့ခါ အရိပ်အာဝါသ ကောင်းလှတဲ့ အေးမြပြီး ဝေေ၀ဆာနေတဲ့ သစ်ပင်တစ်ပင်ရဲ့ နွေးထွေမှုတွေကြောင့် ပင်ပန်းမှုအားလုံးကို ခ၀ါချပြီး မောပန်းမှုမှန်သမျှကို
ပြေပျောက်သွားပါတယ်၊ ထိုစဉ် နားခိုသူမှာ သစ်ပင်ကြောင့် မောပန်းမှုပြေသွားလို့ သစ်ပင်ကိုကျေးဇူးတင်ရမည်။ မှီခိုသူက သူ့ကျေးဇူးကို နားလည်ရင်
ကျေးဇူးမကန်းရင် လူကောင်းလေးဖြစ်ပါလိမ့်မည်၊ မှီခိုသူက သူ့ကျေးဇူးကို နားမလည်ပဲ ဝေေ၀ဆာနေတဲ့ သစ်ပင်ရဲ့ အကိုင်းအခက်လက်ကလေးတွေ
ချိုးသွားရင် လူယုတ်မာဖြစ်သွားပြီနော်၊ ဒီလင်္ကာလေးက သိပ်ကောင်းတာနော်၊မန်လည်ဆရာတော်က အသက်ရှိတဲ့ လူတွေကို မဆိုထားနဲ့ အသက်မရှိတဲ့
" အ၀ိညာဏ" တွေတောင် မှီခိုဘူးတယ်ဆိုရင် အမှီခံသူများဟာ ကျေးဇူးတွေရှိကြတယ်လို့ဆိုထားတာပါ၊ ဒါကြောင့် စာပေကိုချစ်ခင်သူ မိတ်ဆွေတွေအားလုံးဟာ အသက်ရှိသည့်
သူများနဲ့ မှီခိုပြီးနေကြတဲ့ခါ အမှီခံသူ မိဘဘိုးဘွားတွေ ၊ဆရာတွေ မိမိပေါ် ကူညီဘူးသည့် အပေါင်းအဖော်တွေကို မိမိ မှီခိုသူက ကျေးဇူးမကန်းဘို့ ၊
ကျေးဇူးကို နားလည်တတ်ဘို့ ၊ကျေးဇူးတရားတွေကိုသိရုံတင်မဟုတ်ဘဲ လိုက်နာကျင့်သုံးသည့်အနေနဲ့ ပြန်လည် ပေးဆပ်တတ်မှ လူကောင်းလေးတွေ ဖြစ်ပြီး ဘ၀မှာ
အထက်တန်းလူစားမျိုးဖြစ်မှာ ဧကန်မုချပင်။ စာဆို တစ်ခု ရှိသေး၏ ...........
ငယ်စဉ်က သား၊ ကြီးလျှင်ကျား၊
ငယ်စဉ်က သမီး ကြီးလျှင်မီး၊
ငယ်စဉ်ကသား ကြီးလျှင် အား၊
ငယ်စဉ်ကသမီး ကြီးတော့ ထီး.........တဲ့
တချိန်က ခင်ဌေးမြင့် ဆိုသည့် ကောလိပ်ကျောင်းသူတစ်ဦးရှိခဲ့ဘူး၏၊ သူမဟာ ဆင်းရဲ၏၊ မိဘများကလဲ ဆင်းရဲသား လယ်သမားများဖြစ်ကြ၏၊
မိဘများက ဆင်းရဲသားလယ်သမားများဖြစ်ကြသော်လည်း မိဘတို့ဝတ်တရားကျေအောင် သမီးဖြစ်သူကို ကျောင်းပြီးသည်အထိ ထားပေးနိုင်ခဲ့၏။ ခင်ဌေးမြင့်သည်
ကျောင်းပြီးသောအခါ အလုပ်လဲရ ရာထူးကြီးသော ခင်ပွန်းလည်းရပြီး ချမ်းချမ်းသာနေနိုင်ခဲ့သည်၊ မိဘများထံလည်း တစ်လကို လစာ (၁၅၀၀) ရသည့်အတွက်
ငွေတစ်ထောင် လစဉ်ပို့နိုင်ခဲ့၏၊ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရလာသောအခါ ခင်ပွန်းဖြစ်သူက ငွေကို လျော့ပို့ရန် ပြောလာသည်။ ကျေးဇူးတရားကို
နာလည်ပြီး ကျင့်သုံးနေသည့်သူဖြစ်သောကြောင့် ခင်ပွန်စကားကို လက်မခံခဲ့။ သူမက ခင်ပွန်ဖြစ်သူကို ပြန်ပြောလိုက်သေး၏၊ လျော့တော့မပို့နိုင်ဘူး၊ တိုး၍သာ
ပို့လိုသည် ၊ မကျေနပ်ရင် ကွာနိုင်တယ် ဟု ပြန်ပြောလိုက်၏။ ခင်ပွန်းသည်လဲ ကွာလိုက်ပြီး ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက်ကို ကောက်ယူ၏။
ကျေးဇူးသိတတ်သော ခင်ဌေးမြင့်က ကလေးနှစ်ယောက်ကို အစ်မထံအပ်ပြီး ဂျပန်သွားအလုပ်လုပ်ခဲ့သည်။ သူမဂျပန်မှပြန်လာသောအခါ အလှကုန်ဆိုင်ဖွင့်ပြီး
ချမ်းသာသွားသည်။ သူ၏လင်ဖြစ်သူသည် မယားလေးယောက်ပြောင်းပြီး အရက်စွဲ အလုပ်လဲပြုတ် စားရမဲ့သောက်ရမဲ့ ဘ၀မျိုးရောက်သွားခဲ့၏။ ကျေးဇူးသိတတ်သည့်
ခင်ဌေးမြင့်ကတော့ ရန်ကုန်တွင် တိုက်ကြီးသုံးခု ပိုင်ဆိုင်ခဲ့သည်၊ သူမ၏ မိဘများကိုလည်း သူမထံခေါ်ထားပြီး အဆင့်မြင့်မြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာအောင်ထားပြီး
ကျေးဇူးကို တသက်လုံးဆပ်သွားခဲ့၏။

ထို့ကြောင့် ခင်ဌေးမြင့်သည် ငယ်စဉ်ကသမီး ကြီးတော့ထီးနှင့်တူသော သမီးဖြစ်သည်မို့ အတုယူထိုက်လှသည်။ ကျေးဇူးတရားကို မသိသောသမီးမျိုးသည်ကား
"ငယ်စဉ်ကသမီး ကြီးလျှင် မီး"နှင့်တူသော သမီးများဖြစ်ကြပေလိမ့်မည်။ ကျေးဇူးတရားကို သိသော သားများသည်ကား" ငယ်စဉ်ကသား၊ ကြီးလျှင် အင်အား"နှင့်တူသော
သားရတနာများဖြစ်ကြမည်။ ကျေးဇူးတရားကို မသိသော သားများသည်ကား "ငယ်စဉ်ကသား ကြီးလျှင် ကျား"နှင့်တူသော သာများသာဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မီးနှင့်တူသောသမီးများ၊ ကျားနှင့်တူသော သားများမဖြစ်အောင် ထီးနှင့်တူသော သမီးများ၊ အင်အားနှင့်တူသော သားရတနာ
လူလိမ္မာလေးများဖြစ်အောင်လည်း ကြိုးစားပြီး နေတတ်၊ ထိုင်တတ်ကြပါစေလို့ စေတနာရှေ့ထားပြီး တိုက်တွန်းရင်း ........

တစ်ဦးနှင့်တစ်ဦးတွေ့ကြ၊စုံကြသည့်အခါမှာလဲ ................
အချစ်နဲ့အပြစ်၊ အမုန်းနဲ့ဒေါသ ဖြစ်တတ်ကြလို့................

မေတ္တာဖြစ်ရင် ချစ်ခင်တယ်၊
သစ္စာဖြစ်ရင် အနှစ်ထင်တယ်၊
ချစ်တာဖြစ်ရင် သစ်လွင်တယ်၊
ဒေါသထွက်သော်အမျက်ပေါ်တယ်၊
မုသားစွက်သော် ပြက်ချော်တယ်၊
မုန်းတာဖက်သော် အပြစ်ပေါ်တယ်။

love and..........
love creates tie.
Truth, beauty.
Anger,hatred.
lie,carelessness.
Hate, fault.
ထို့ကြောင့်..............
မှန်ကန်တဲ့ ဓမ္မပန်းကို ထာဝရ ဆင်းမြန်းနိုင်ကြပါစေ..................
တက္ကသိုလ်စာသင်သား.......
အပိုင်း ( ၂) ကို ဆက်လက်ရေးသားတင်ပြသွားပါမည်၊ စာပေကိုချစ်ခင်သူများ စောင့်မျှော်၍ ဖတ်ရှု ကျင့်သုံးနိုင်ပါသည်။